အာရပ်စော်ဘွားများပြည်ထောင်စုရှိ မြို့ကြီးများတွင် ကမ္ဘာ့အကြီးမားဆုံး အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ ပေါ်ပေါက်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဘူဒါဘီရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးကွက်ပေါင်း ၁၅၀ လေ့လာခဲ့သည့်အနက် အဆိုးဝါးဆုံးအခြေအနေပင် ဖြစ်သည်။
ဒူဘိုင်း၏ အိမ်ခြံမြေဈေးနှုန်းများမှာမူ ၄ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။
Knight Frank ၏ အချက်အလက်များအရလည်း အဘူဒါဘီနှင့် ဒူဘိုင်းတို့သည် လွန်ခဲ့သော ၁၂ လတာ ကာလအတွင်း ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးနှုန်းအကြီးမားဆုံးကျဆင်းခဲ့သည့် နေရာများဖြစ်သည်ဟု ဆိုသည်။
Knight Frank က နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာလုံးဆိုင်ရာ လူနေမြို့ကြီးများ ညွှန်းကိန်း (၂၀၁၈ ပထမ ၃ လပတ် )Global Residential Cities Index Q1 2018 အရ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၅၀ အနက် အဘူဒါဘီမှာ အဆိုးရွားဆုံးကျဆင်းမှု ဖြစ်သည် ဟု ဆိုသည်။
အဆိုပါညွန်းကိန်းအရ အိန္ဒိယနိုင်ငံရှိ ဆူရတ်မြို့မှာ ၂၂ ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးမှုရှိခဲ့ရာ ဥရောပမြို့ကြီး ၂၂ မြို့ပါဝင်သော ထိပ်တန်း ၂၀ တွင် ၂၀ ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးခဲ့သည့် တစ်ခုတည်းသော မြို့လည်း ဖြစ်သည်။
ယင်းညွှန်းကိန်းအရ နယ်သာလန်နိုင်ငံ၏ ရော့တာဒမ်မှာ ၁၄ ဒသမ ၈ ရာခိုင်နှုန်း၊ စကော့တလန်၏မြို့တော် အီဒင်ဘာ့ဂ်ျမှာ ၁၂ ရာခိုင်နှုန်း၊ ပေါ်တူဂီမှ ပေါ်တိုမြို့မှာ ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ ဘူလ်ဂေးရီးယားနိုင်ငံ၏မြို့တော် ဆိုဖီယာမှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊ ဂျာမနီမှ ဘာလင်မှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဟန်ဂေရီမှ ဘူဒါပက်စ်မှာ ၁၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် အိုက်စလန်မှ ရစ်ကျားဗစ်ခ်မှာ ၁၁ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးဖွံ့ဖြိုးမှုရှိခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)