ဩစတြေးလျသည် ကမ္ဘာ့နေပျော်ဖွယ်ရာဖြစ်ဆုံးမြို့တည်ရှိရာ နိုင်ငံအဖြစ်မော်ကြွားခွင့်ကိုဩစတြီးယားသို့ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သိရသည်။
မဲလ်ဘုန်းမြို့သည် Economist Intelligence Unit (EIU) မှ နှစ်စဉ်ထုတ်ပြန်လေ့ရှိသော ကမ္ဘာ့နေပျော်နိုင်စွမ်းညွှန်းကိန်းစာရင်းများတွင် နံပါတ် ၁ နေရာအား ၇ နှစ်တိုင်တိုင် ရရှိခဲ့ရာမှ ယခုနောက်ဆုံးထွက်ရှိလာခဲ့သည့် ၂၀၁၈ ခုနှစ်စာရင်း၌ ၎င်းထိပ်ဆုံးနေရာအား ဗီယင်နာမြို့သို့ ပေးအပ်လိုက်ရပြီဖြစ်သည်။
ခန့်မှန်းပေးခြင်း၊ အကြံပေးခြင်း ဝန်ဆောင်မှုများ ပြုလုပ်ပေးသည့်လုပ်ငန်း EIU က မြို့ပြ ၁၄၀ ခုကို ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုစာရင်းတွင် ဩစတြီးယားနိုင်ငံမြို့တော် ဗီယင်နာမြို့က ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ရာဇဝတ်မှုများနှင့် စစ်သွေးကြွတို့၏ တိုက်ခိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းလာကာ မြို့တော်တည်ငြိမ်အေးချမ်းမှုတိုးတက်လာ၍ ဖြစ်သည်။
မဲလ်ဘုန်းသည် တတိယနေရာ ရရှိခဲ့သည့် အိုဆာကာထက် ၀ ဒသမ ၇ ရာခိုင်နှုန်း-အမှတ်သာ သာလွန်ခဲ့ပေသည်။ အိုဆာကာက ထိပ်တန်း ၁၀ နေရာ၌ အာရှမှ တစ်မြို့မျှ မပါဝင်ခဲ့သည့် ယမန်နှစ်စာရင်းတွင် နံပါတ် ၁၄ နေရာရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အိုဆာကာသည် အများပြည်သူပို့ဆောင်ရေးအရည်အသွေးနှင့် ဆောင်ရွက်နိုင်စွမ်းကြောင့် ယခုနှစ်စာရင်းတွင် ရမှတ်ပိုမိုကောင်းမွန်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရာဇဝတ်မှုကျဆင်းနှုန်းမှာ ယခင်နှစ်များအတိုင်း မပြောင်းလဲခဲ့ဘဲ အခြေခံအဆောက်အအုံနှင့် တည်ငြိမ်အေးချမ်းသာယာမှုမှာ တိုးတက်လာသည်ကို တွေ့ရကြောင်း EIU သုတေသီများက ပြောကြားခဲ့သည်။
ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ၂၀၁၅ ကတည်းက အဆင့်ကျဆင်းနေခဲ့သည့် ဟောင်ကောင်က ထိပ်တန်း ၄၀ ထဲ မြင့်တက်ဝင်ရောက်လာကာ နံပါတ် ၄၀ နေရာကို ရရှိခဲ့ပြီး စင်္ကာပူက နံပါတ် ၃၇ နေရာကို ရရှိခဲ့သည်။
တိုကျိုက နံပါတ် ၇ နေရာတွင် ဖော်ပြခံခဲ့ရပြီး ဩစတြေးလျသည် ဆစ်ဒနီက နံပါတ် ၅ နှင့် အဒယ်လေ့ဒ်က နံပါတ် ၁၀ တို့၌ ဖော်ပြခံခဲ့ရခြင်းဖြင့် ထိပ်တန်း ၁၀ နေရာတွင် ယခုတိုင်လွှမ်မိုးဆဲ ဖြစ်သည်။
ကမ္ဘာ့နေပျော်ဖွယ်ရာဖြစ်ဆုံးမြို့အဖြစ် စာရင်း၏အောက်ဆုံး နံပါတ် ၁၄၀ တွင် ရပ်တည်ဆဲမြို့မှာ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ် ဖြစ်ဆဲဖြစ်ကြောင်းလည်း သိရပါသည်။
ထိပ်တန်း ၁၀ နေရာမှာ -
၁။ ဗီယင်နာမြို့၊ ဩစတြီးယားနိုင်ငံ
၂။ မဲလ်ဘုန်းမြို့၊ ဩစတြေးလျနိုင်ငံ
၃။ အိုဆာကာမြို့၊ ဂျပန်နိုင်ငံ
၎။ ကယ်လ်ဂရီမြို့၊ ကနေဒါနိုင်ငံ
၅။ ဆစ်ဒနီမြို့၊ ဩစတြေးလျနိုင်ငံ
၆။ ဗန်ကူးဗားမြို့၊ ကနေဒါနိုင်ငံ
၇။ တိုကျိုမြို့၊ ဂျပန်နိုင်ငံ
၈။ တိုရန်တိုမြို့၊ ကနေဒါနိုင်ငံ
၉။ ကိုပင်ဟေဂင်မြို့၊ ဒိန်းမတ်နိုင်ငံ
၁၀။ အဒယ်လေ့ဒ်မြို့၊ ဩစတြေးလျနိုင်ငံ
တို့ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com