တရုတ်ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီး Greenland Holdings သည် တရုတ်ပြည်၊ ရှန်ဟိုင်းတွင် နိုင်ငံတကာကုန်သွယ်ရေးဗဟိုတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ယိစိုင်းဂလိုဘယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
နိုင်ငံတကာမှ ကုန်စည်များ တရုတ်ပြည်သို့ တင်သွင်းရာတွင် အချက်အခြာကျသည့်နေရာတစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်ဟု ဆိုသည်။
Greenland Hongqiao World Center အမည်ဖြင့် ရှန်ဟိုင်းမြို့လယ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ပြည်ပသွင်းကုန် ဈေးဝယ်စင်တာအဖြစ် ဖွင့်လှစ်မည် ဖြစ်သည်။
ယင်းဈေးဝယ်စင်တာတွင် ကုန်သွယ်ရေးကုမ္ပဏီ ၃၀၀ ကျော်၏ ပြခန်းများရှိမည်ဖြစ်ကြောင်း Greenland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကုန်သွယ်ရေးဗဟိုစင်တာတွင် ကဏ္ဍကြီး ၃ ခု ပါဝင်မည်ဖြစ်သည်။
စတုရန်းမီတာ ၁၁၀၀၀၀ ရှိ ကုန်စည်ရောင်းဝယ်ရေးခန်းမကြီးတွင် စားသုံးသူများ ဝယ်ယူနိုင်သည့် ထုတ်ကုန်များ ပြသထားမည့်အပြင် ပြခန်းနေရာများလည်း ပါဝင်မည် ဖြစ်သည်။
ကုန်စည်ရောင်းဝယ်ရေးခန်းမကပ်လျက်တွင် စတုရန်းမီတာ ၉၀၀၀၀ ရှိ ရုံးခန်းနေရာများ ရှိမည်ဖြစ်၏။
ကုန်စည်ထောက်ပံ့ရေးအတွက် စတုရန်းမီတာ ၂၀၀၀၀ ကျယ်ဝန်းသော နေရာပါမည်ဖြစ်ကာ အကောက်ခွန်ရှင်းလင်းရေး၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးရေးဝန်ဆောင်မှုများ ပေးအပ်သွားမည်ဟု ဆိုသည်။
ထို့အပြင် နိုင်ငံတကာမှ ကုန်သည်များနှင့် ပြည်တွင်း ကုန်သည်များကို အွန်လိုင်းဖြင့်လည်း ချိတ်ဆက်ပေးထားမည် ဖြစ်သည်။
အဆိုပါ e-commerce platform ၏ ရည်ရွယ်ချက်မှာ ၃ နှစ်တာကာလအတွင်း ကုန်သွယ်မှုပမာဏာ ကန်ဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံခန့် ရောက်ရှိကာ ကမ္ဘာတစ်ဝန်းသြဇာလွှမ်းနိုင်ရန် ရည်ရွယ်ကြောင်း Greenland မှ မန်နေဂျာတစ်ဦးက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)