နယူးဇီလန်အစိုးရသည် စင်္ကာပူနိုင်ငံသားများမှလွဲပြီး နိုင်ငံခြားသားများကို အိမ်ခြံမြေဝယ်ယူခွင့် ပိတ်ပင်ရန် စီစဉ်လျက်ရှိကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာနေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုခဲ့မှုအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ကုန်သွယ်ရေးသဘောတူညီချက်များကို လိုက်နာသောအားဖြင့် စင်္ကာပူနှင့် သြစတေးလျနိုင်ငံသားများကိုမူ ယခုပိတ်ပင်ချက်မှ ကင်းလွတ်ခွင့်ပေးမည်ဟုလည်း ဆိုသည်။
ယခုတားမြစ်ချက်ကို “ပြည်ပရင်းနှီးမြှုပ်နှံမှုတားမြစ်ချက် ဥပဒေ Overseas Investment Amendment Bill ” ဟု ဥပဒေတစ်ရပ် ပြဌာန်းကာ ပိတ်ပင်မည် ဖြစ်သည်။
ယင်းဥပဒေကို ဝယ်လင်တန်မြို့ရှိ လွှတ်တော်တွင် သြဂုတ်လ ၁၅ ရက်၌ နောက်ဆုံးအကြိမ် ဆွေးနွေးကြမည်ဖြစ်ပြီး အစိုးရဖွဲ့စည်းထားသည့် ပါတီ ၃ ရပ်လုံးက ထောက်ခံထားသောကြောင့် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က ပြီးခဲ့သောနှစ်ရွေးကောက်ပွဲကာလအတွင်း ပြည်ပဝယ်လက်တို့ကို ပိတ်ပင်သွားမည်ဟု ရွေးကောက်ပွဲကတိပေးခဲ့ဖူးသည်။
ပြည်ပဝယ်လက်တို့၏ ဈေးကစားမှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာကာ ပြည်တွင်း လူငယ်နိုင်ငံသားများအတွက် အိမ်ခြံမြေများ မဝယ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ ၆၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပြီး ၁၉၅၁ ခုနှစ်နောက်ပိုင်း နေအိမ်ပိုင်ဆိုင်မှု အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့သည်။
“နယူးဇီလန်အိမ်ခြံမြေဈေးကွက်ဟာ နယူးဇီလန်မှာပဲ အခြေတည်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ မဖြစ်သင့်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မွေးရာပါ အခွင့်အရေးပါပဲ” ဟု အဆိုပါဥပဒေပြဌာန်းရန် လွှတ်တော်တွင် ဦးဆောင်ကြိုးပမ်းခဲ့သူ ရှေ့နေချုပ် ဒေးဗစ် ပါကားက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)