ဗဟိုဘဏ်က ဒေါ်လာကို လွတ်လပ်စွာဈေးသတ်မှတ်ရောင်းချခွင့်ပေးလိုက်ခြင်းအား အချိန်ပေးစောင့်ကြည့်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။
မြန်မာပြည်၏ မရင့်ကျတ်သေးသည့်ငွေကြေးဈေးကွက်ကို စိုးရိမ်မိသော်လည်း လတ်တလောမှာ စောင့်ကြည့်ပြီးမှသာ ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်မှန်ကန်မှုရှိမရှိကို ပြော၍ရနိုင်မယ်လို့  ဗဟိုဘဏ်ရဲ့ဥက္ကဌဟောင်းလည်းဖြစ်သူ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။
“ ရည်ရွယ်တော့ကောင်းပါတယ် ထိရောက်မှုရှိမရှိကို စောင့်ကြည့်ရဦးမယ် သူ့ ဘာသာသူထိန်းကျောင်းမယ်ဆို သီအိုရီ အရတော့မှန်တာပေါ့ဗျာ လက်တွေ့ မှာက မြန်မာဈေးကွက် မရင့်ကျတ်သေးဘူး ဒီလိုပဲထိန်းကြောင်းသွားမယ်ဆိုတဲ့ အခါဒါကြီးက မေးခွန်းထုတ်စရာရှိတယ်လေ တကယ်တန်းဈေးကွက်အနေနဲ့ အဆင်ပြေဖြစ်မဖြစ်ဆိုတာ ပြောရတော့ခက်တယ် အန်ကယ်တို့ လည်းစောင့်ကြည့်တဲ့ အနေအထားပဲရှိတယ် “ဟု၎င်းကဆိုသည်။
ဗဟိုဘဏ်သည် သြဂုတ်၁၃ရက်က ပုဂ္ဂလိကဘဏ်များနှင့်ငွေလဲကောင်တာများအနေဖြင့် ဗဟိုဘဏ်၏ရည်ညွန်းဈေးအတိုင်းရောင်းဝယ်စွာမလိုတော့ဘဲ လွတ်လပ်စွာရောင်းချခွင့်ကိုပြုခဲ့သည်။
ယင်းနောက် ဒေါ်လာဈေးမှာ ဆက်တိုက်မြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၈၀ကျော်အထိ မြင့်တက်လာပြီး ထပ်မံမြင့်တက်လာခြင်းရှိမရှိကိုအများစုကစောင့်ကြည့်လျှက်ရှိသည်။
“ ကြိုက်တဲ့ဈေးနဲ့ ဝယ်နိုင်တယ်ရောင်းနိုင်တယ်ဆိုတာက ဈေးကွက်စီးပွားရေးသဘောတရားအရတော့ အမှန်ပဲ မားကတ်မှာ တရားမဝင်ဈေးကွက်ကြီးကလဲရှိနေတော့ အန်ကယ်စိုးရိမ်တာက ဒါကြီးဟာ အောင်မြင်ပါ့မလားဆိုပြီးလဲစိုးရိမ်တယ်လေ မားကတ်ကြီးကဗရမ်းဗတာဖြစ်သွားမှာလည်းစိုးရိမ်တယ် " ဟု ဦးသန်းလွင်ကဆက်လက်ပြောကြားသည်။
အခုလိုဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်းဖြင့် လက်ရှိ ဈေးကွက် အခြေအနေမှန်ကိုသိရှိနိုင်ပြိး ဒေါ်လာဈေးတင်မဟုတ်ဘဲ အိမ်ခြံမြေ၊ကား၊ရွှေ ဈေးများမှာလည်းမြင့်တက်နေသောကြောင့် ပုံမှန်အတိုင်းလည်ပတ်သွားနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကလဲဆိုသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com