ဂျွန်ကော့ဒ်ဝဲလ်သည် ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းဖုန်း အရောင်းဆိုင် ကုမ္ပဏီကြီးဖြစ်သော Phones4u ကို တည်ထောင်ခဲ့သူဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ယင်းကုမ္ပဏီကို ပေါင် ၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချလိုက်ပြီးနောက် အိမ်ခြံမြေနယ်ဘက်တွင် ပြောင်းလဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။
ယခုအခါ ဂျွန်ကော့ဒ်ဝဲလ်က လန်ဒန်မြို့ အနောက်ဘက်ရှိ မေဖဲယားအရပ်တွင် ကမ္ဘာ့ဈေးအကြီးဆုံး လူနေခန်းများကို ဆောက်လုပ်ရန် စီစဉ်ထားပြီး Candy Brothers မှ ဆောက်လုပ်ခဲ့သည့် One Hyde Park ကို ကျော်ဖြတ်ရန် ရည်ရွယ်ထားသည်။
မေဖဲယားအရပ်တွင် တည်ရှိသော ၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် အထပ်မြင့် ကားပါကင်အဆောက်အအုံကြီးကို ဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲဆောက်လုပ်မည် ဖြစ်သည်ဟု ဆိုသည်။
စတုရန်းတစ်ပေလျှင် ပေါင် ၆၀၀၀ ခန့် ဈေးနှုန်းရှိပြီး ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသော One Hyde Park ထက် ပိုမိုဈေးကြီးနိုင်ကြောင်း ကော့ဒ်ဝဲလ်က ထုတ်ဖော်ပြောကြားထားသည်။
လူနေခန်းများကို ၂၀၂၁ ခုနှစ်တွင် စတင်ရောင်းချနိုင်ရန် ရည်မှန်းထားသည်။
Audley လမ်းပေါ်တွင် တည်ရှိမည့် အဆိုပါစီမံကိန်းကို အမေရိကန်ဗိသုကာပညာရှင် ရောဘတ်စတန်းက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး အားကစားလေ့ကျင့်ရေးခန်းမ၊ ရေကူးကန်နှင့် spa တို့ ပါဝင်မည် ဖြစ်သည်။
“ကမ္ဘာ့အကောင်းဆုံး spa ဒီဇိုင်နာက ရေးဆွဲပေးတဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံး spa ဒီဇိုင်း ကျွန်တော်ရထားပြီးပါပြီ။ အတွင်းပိုင်းနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို မွမ်းမံဖို့အတွက်လည်း ကမ္ဘာ့အကောင်းဆုံးဒီဇိုင်နာတွေ ရထားပြီးပါပြီ။ မြင်လိုက်ရုံနဲ့ လူတွေက ..အိုး..တကယ်ကိုလှတဲ့နေရာပဲ..လို့ ပြောရတာမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ကော့ဒ်ဝဲလ်က ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)