ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဂါရက်သ် ဆောက်သ်ဂိတ်ကို ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်တွင် မွေးဖွားပြီး အင်္ဂလန်လက်ရွေးစင်အသင်း၏ ကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ပြီး နောက်တန်းခံစစ်နှင့် ကွင်းလယ်တို့တွင် ကစားခဲ့သည်။ အက်စ်တန်ဗီလာအသင်းနှင့် ၁၉၉၅-၉၆၊ မစ်ဒယ်ဘရော့အသင်းနှင့် ၂၀၀၃-၀၄ ခုနှစ်တို့တွင် လိဂ်ဖလား ရယူပေးခဲ့သည်။ ထို့အတူ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဦးဆောင်ကာ ၁၉၉၃-၉၄ ရာသီတွင် First Division ချန်ပီယံရှစ်ဖလား ရယူပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အက်ဖ်အေဖလားဖိုင်နယ်ပွဲတွင် အက်စ်တန်ဗီလာအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ၂၀၀၆ ခုနှစ် ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတွင် မစ်ဒယ်ဘရော့အသင်းမှ ပါဝင်ခဲ့သည်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အကြား နိုင်ငံတကာပွဲပေါင်း ၅၇ ပွဲ ပါဝင်ကစားပေးခဲ့သည်။ ၂၀၀၆ ခုနှစ်၊ မေလ အသက် ၃၅ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူခဲ့ရာ အနားယူချိန်အထိ ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားခဲ့ပြီးလည်း ဖြစ်သည်။ မစ်ဒယ်ဘရော့အသင်း နည်းပြအဖြစ် ၂၀၀၆ ခုနှစ်၊ ဇွန်လမှ ၂၀၀၉ ခုနှစ် ၊ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အင်္ဂလန် ယူ ၁၉ အသင်း နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းနည်းပြ၊ ဂန္ထဝင်ဘောလုံးကြယ်ပွင့် ဂါရက်သ် ဆောက်ဂိတ်သည် အင်္ဂလန်နိုင်ငံ၊ မြောက် ယော့ခ်ရှိုင်းယားတွင် ၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးတစ်လုံးပိုင်ဆိုင်ထားသည်။ စံအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။ ရှေးဟောင်းစားပွဲများပေါ်တွင် အဖြူရောင်နှင်းဆီပန်းအိုးများဖြင့် အလှဆင်ထားပြီး မျက်နှာကျက်ဆီမှလည်း သလင်းမီးအိမ်များ တွဲလောင်းဆွဲထားသည်ကို တွေ့ရသည်။ ပေါင် ၃ ဒသမ ၇၅ သန်းတန် ၄ ထပ်အဆောက်အအုံကြီးအတွင်း ကျယ်ဝန်းသည့် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ အဝတ်အစား ထားသိုခန်း၊ ဧည့်ခန်း၊ ကျေးလက်ဟန် မီးဖိုဆောင်တစ်ခုတို့ ပါဝင်သည်။ Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)