မန္တလေးပုသိမ်ကြီးမြို့နယ်က လယ်ယာမြေအကွက်ရိုက် မြေအရောင်းအဝယ်ဈေးကွက်မှာ သည်လပိုင်းတွေအတွင်း ဝယ်သူဘက်က စရန်အဆုံးခံ အရောင်းအဝယ်ဖျက်တာတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။
' ပုသိမ်ကြီးမြို့နယ်ထဲကပါပဲ၊ တစ်ခုက သိန်း(၁၆၀)နဲ့ အရောင်းအဝယ်တည့်ပြီးသား သိန်း(၂၀)စရန်ချတယ်၊ ဒီနေ့(သြဂုတ်-၃ရက်)ငွေအပြီးချေရမှာကို ပြဿနာတွေ ဖြစ်လာတော့ ဝယ်သူက စရန်အဆုံးခံ ရှောင်လိုက်တယ်၊ နောက်တစ်ခုက ဝယ်လက်ဘက်က၊ သူကလဲ စရန်အဆုံးခံ အရောင်းအဝယ် ဖျက်ပစ်လိုက်တယ် ' လို့ နယ်ခံအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ တန်ဖိုးနည်း ရွာမြေ၊ လယ်ယာမြေတွေမှာ ဝယ်ယူ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဟာ စီးပွားရေးအရ တွက်ခြေကိုက်လုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာဘက်တွေရှိ တန်ဖိုးနည်း ရွာမြေလယ်မြေတွေ ဈေးကောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။
သည်လိုရွာမြေတွေနဲ့ အကွက်ရိုက် မြေဝယ်လက်တွေထဲမှာ အများစုက အခြေခံလူလတ်တန်းစားတွေနဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဒေသခံအချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်။ မြေဈေးနှုန်း အဆမတန် သက်သာတဲ့အပြင် မြို့နဲ့မနီး မဝေးမှာရှိတာ၊ ဝယ်သူများပြားလာတာနဲ့အမျှ လူနေအကွက်အကွင်း ကောင်းမွန်လာတာ စတာတွေကြောင့် မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားမှုမြင့်တက်ပြီး မကြာသေးခင်လပိုင်းလောက်ကအထိ အရောင်းအဝယ် ကောင်းမွန်နေခဲ့ပါတယ်။
' လမ်းပေါ်မေးတင်ဗျာ၊ ဈေးတန်းကလဲ တကယ်ပြောမယ်ဆို ဘာမှမရှိဘူး၊ (ဈေး)ခုန်ရင် အများကြီး ပြောင်းသွားနိုင်တယ်ဆိုပြီး ဝယ်ဖို့လုပ်တာ၊ ဒါပေမဲ့ ခုကျတော့ ပြဿနာတွေက ဖြစ်လာတော့ အများကြီးဆုံးရှုံးတာထက် သိန်း(၂၀၊ ၂၅)ဆုံးတာက တော်သေးတယ်ဆိုပြီး စရန်အဆုံးခံလိုက်တာ ' လို့ မြေဝယ်ဖို့ စရန်ချပေးပြီးမှ စရန်အဆုံးခံ အရောင်းအဝယ် ဖျက်ခဲ့သူက ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်အတွင်း လယ်ယာမြေအကွက်ရိုက် ရောင်းတာတွေကို ပုသိမ်ကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဝင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လမှာ စတင် တားဆီး စစ်ဆေးတယ်။
ဆက်လက် လုပ်ဆောင်နေတဲ့အတွက် သြဂုတ်လ-၄ ရက်ကစပြီး အဲသည့်နေရာတွေမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတဲ့ တံတားတွေနဲ့ အဆောက်အအုံအချို့ကို ဖယ်ရှားပါတယ်။ အခုလို တားဆီးပြီးနောက် အဲသည့်ဒေသရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားရုံသာမက အရောင်းအဝယ်ဖြစ်ပြီးသားမြေအချို့ပါ အရောင်းအဝယ် ပျက်ကုန်တာလို့ နယ်ခံအချို့ဆီက သိရပါတယ်။
Credit: The Kumudra