ဒူဘိုင်းမြေယာဌာန (DLD) သည် အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Schon Properties ပိုင်ဆိုင်သည့် အဆောက်အအုံများ မြေကွက်များကို သိမ်းဆည်းရန် ဆုံးဖြတ်သည့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်း၏ ရန်ပုံငွေများကိုလည်း ကြားခံဘဏ်စာရင်းတစ်ခုတွင် သိမ်းဆည်းထား
မည်ဖြစ်ပြီး တရားရုံးက ဥပဒေရေးရား လုပ်ထုံးလုပ်နည်းများ ပြီးပြတ်သည်အထိ ထိန်းသိမ်းထားမည်ဟုဆိုသည်။
“Schon Properties ဟာ ဘဏ္ဍာငွေတွေကို ကြားခံအာမခံ ဘဏ်စာရင်းမှာ မထားရှိဘဲ ရှောင်လွှဲနေပြီး ရင်းနှီးမြှုပ်နှံသူတွေအပေါ် ခေါင်းပုံဖြတ်တာမျိုးလုပ်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်” ဟု DLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အာမခံဘဏ်စာရင်းတစ်ခုတွင်သာထားရှိပြီး စီမံကိန်းများ ပြီးစီးမှုအလိုက်သာ developer တို့ကို ငွေလွှဲပေးကြရန် DLD က တိုက်တွန်းထားသည်။
“ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ငွေတွေကို ထိန်းသိမ်းဖို့၊ အခွင့်အရေးတွေကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” ဟုလည်း DLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သောနှစ်အတွင်း Schon Properties သည် Dubai Investments Park တွင် ကန်ဒေါ်လာ သန်း ၈၇၀ တန်ကြေးရှိ iSuites စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ပင်မ ကန်ထရိုက်တာဖြစ်သော အယ်လ်ဟာမက်ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Dubai Civil Engineering သည် စီမံကိန်းကို စတင်အကောင်အထည်ဖော်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်း Schon Properties က ထိုစဉ်က ထုတ်ပြန်ခဲ့သည်။
စီမံကိန်းအတွင်း ဟိုတယ်ခန်း ၂၅၅၀ ၊ စားသောက်ဆိုင် ၅၂ ခု၊ ကော်ဖီနှင့် ဈေးဝယ်စင်တာနေရာအတွက် စတုရန်းပေ ၁၂၅၀၀၀ ပါဝင်မည် ဖြစ်သည်။
စီမံကိန်း၏ ဝန်းကျင်တွင် လူလုပ်ကမ်းခြေတစ်ခု ဝန်းပတ်နေမည်ဖြစ်ပြီး ၅ ဧကကျယ်ဝန်းသော ရေကန်ကြီးတစ်ခုလည်း ပါဝင်မည်ဖြစ်ကာ လာမည့် ၂၀၂၀ တွင် ကျင်းပရန် စီစဉ်ထားသော Expo 2020 အမီ အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)