ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ပေးမည့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ဥမင်ရထားလမ်းဥမင်ကြီး ဖောက်လုပ်ရန် တရုတ်အစိုးရက စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တစ်ကမ္ဘာလုံးတွင် အရှည်လျားဆုံး ရထားလမ်းဥမင်ကြီးဖြစ်လာမည့် ယင်းစီမံကိန်း၏ အသေးစိတ်ဒီဇိုင်းပုံစံကို သိပ္ပံပညာရှင်များအကြား သဘောတူညီချက်ရခဲ့ပြီဖြစ်သော်လည်း နိုင်ငံရေးအခြေအနေများအရမူ လက်ရှိအခြေအနေအရ အိပ်မက်တစ်ခုပမာ ဖြစ်နေဆဲ ဖြစ်သည်။
အဆိုပါ ဥမင်ရထားလမ်းကြီး၏ ဒီဇိုင်းပုံစံနှင့် စပ်လျဉ်းပြီး တရုတ်သိပ္ပံပညာရှင်များအကြား နှစ်ပေါင်းများစွာ အချေအတင် ငြင်းခုံခဲ့ကြရပြီးနောက် ယခုအခါ သဘောတူညီချက်ရလိုက်ကြခြင်းလည်း ဖြစ်သည်။
စီမံကိန်းသာ အကောင်အထည်ပေါ်လာပါက လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တရုတ်ပြည်မကြီးမှ ထိုင်ဝမ်သို့ ပင်လယ်ရေအောက် ဥမင်ရထားလမ်းကြီးမှ တစ်ဆင့် ၁၃၅ ကီလိုမီတာ ( ၈၄ မိုင်) ခရီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် သွားရောက်နိုင်တော့မည် ဖြစ်သည်။
နည်းပညာပိုင်းအရ ဖြစ်နိုင်ချေ အဖြေများရရှိခဲ့သော်လည်း ထိုင်ဝမ်နှင့် ပေကျင်းအကြား နိုင်ငံရေးတင်းမာမှုများမှာ မြင့်တက်နေချိန်ဖြစ်ရာ မကြာမီအတွင်း အကောင်အထည်ပေါ်လာဖွယ်ရာ မရှိချေ။
တရုတ်အစိုးရက ထိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ ပြည်နယ်တစ်ခုဖြစ်သည်ဟုသာ တရားဝင်သတ်မှတ်ထားသည်။
သုတေသီအချို့က ပြောကြားရာတွင်မူ တရုတ်နိုင်ငံဘက်က မိမိတစ်နိုင်ငံတည်း၏ ဆန္ဒဖြင့် ဖောက်လုပ်လာခြင်းမျိုးဖြစ်လာနိုင်သည်ဟု ခန့်မှန်းကြသည်။
နိုင်ငံရေးကို ခေတ္တဘေးဖယ်သုံးသပ်မည်ဆိုလျှင် စီမံကိန်း၏ နည်းပညာပိုင်းစမ်းသပ်မှုများသည် တရုတ် သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးအဖွဲ့အစည်းများအတွက် ကြီးမားသည့် အောင်ပွဲကြီးတစ်ရပ်ဖြစ်ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။
“ဒါဟာ ၂၁ ရာစု civil engineering စီမံကိန်းတွေမှာ အကြီးမားဆုံးနဲ့ စိန်ခေါ်မှုအကြီးဆုံး စီမံကိန်းကြီးတစ်ခု ဖြစ်လာမှာပါ ” ဟု တရုတ်အစိုးရ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)