မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတကာအဆင့် ရွှေကွန်ဖရင့်တခုကို ၂၀၁၉ ဖေဖော်ဝါရီတွင် ကျင်းပရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းထံမှ သိရသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့် သြဂုတ် ၁ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်း၌ တွေ့ဆုံခဲ့ပြီးနောက် ၎င်းက News Watch မီဒီယာအား ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒီနေ့ အန်ကယ်တို့ ၀န်ကြီးချုပ်နဲ့ သွားဆွေးနွေးတာက အပိုင်း ၂ ပိုင်းပေါ့။ ပထမတပိုင်းကတော့ နိုင်ငံတကာမှာ အာရှ ပစိဖိတ်မှာရွှေနဲ့ ပတ်သက်ပြီးလုပ်နေတဲ့ Conference တွေရှိတယ်။ ရှန်ဟိုင်းမှာလုပ်တယ်။ ဟောင်ကောင်မှာလုပ်တယ်။ စင်ကာပူမှာလည်း လုပ်တယ်။ အန်ကယ် တို့နိုင်ငံကလည်း အာရှပစိဖိတ်မှာ ရွှေထွက် တဲ့နိုင်ငံတခုဖြစ်တဲ့အတွက် International ပညာရှင်တွေပါတဲ့ Conference တခုလုပ်ချင်တယ်။ ၂၀၁၉ ဇန်န၀ါရီ၊ ဖေဖော်ဝါရီပေါ့။ ကွန်ဖရင့်တခုကို အောင် အောင်မြင်မြင်လုပ်ဖို့ အနည်းဆုံး ၅ လ လောက် အချိန်ယူပြီးလုပ်မှရမယ်။ အခုအချိန်လောက်မှ အနေတော်လောက်ကျမယ်။ လာမယ့် ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ်အသင်းဝင်တွေခေါ်ပြီး အားလုံးတင်ပြမှာပါ''ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးထုံရွှေဆိုင်မှ ဦးကျော်ဝင်းက ပြောသည်။
အဆိုပါ တင်ပြချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၁၀၀ ရာခိုင်နှုန်းအားပေးကာ လိုအပ်သည့်အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ လုံခြုံ ရေးအပိုင်းနှင့်ပတ်သက်၍လည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံတကာအဆင့်မီ ရွှေအိတ်ချိန်းတခုဖြစ်သော ရွှေဗဟိုဈေးကွက်ကြီးတခုဖြစ်ပေါ် ရေးအတွက်လည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုတင်ပြဆွေးနွေးခဲ့ကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲမရှိအောင် ပြင်ဆင်ထားသည်များကို အကြမ်းဖျင်းတင်ပြခဲ့ကြောင်း သိရသည်။
''အန်ကယ်တို့နိုင်ငံမှာ ရွှေဈေးကွက်ကတော့ရှိပြီ၊ နိုင်ငံတကာအဆင့် ရွှေအိတ်ချိန်းတခုဖြစ်တဲ့ အန်ကယ်တို့ ရွှေဗဟို ဈေးကွက်ကတော့ နိုင်ငံတကာမှာ သူတို့သတ်မှတ်ထားတဲ့ ဥပဒေ ၁၃ ခုကို အကြမ်းဖျင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖြစ်တယ်၊ ၀န်ကြီးချုပ်အနေနဲ့ ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးပေးရင် ပိုအဆင်ပြေပါတယ်လို့ အဲဒီဥပဒေကို အန်ကယ်က ဆွေးနွေးဖြစ်တယ်၊ တည်ဆဲဥပဒေ ၁၃ ခုရှိတဲ့အတွက် ရွှေအိတ်ချိန်းဈေးကွက် ဖြစ်နိုင်အောင် ဘယ်အပိုင်းက ဘယ်လိုဖြစ်တယ်ဆိုတာ အကြမ်းဖျင်းတင်ပြတာပါ၊ အသေးစိတ်ကတော့ ဆက်ပြီးဆွေးနွေးဖို့ ရှိပါတယ်၊ ၀န်ကြီးချုပ်ကတော့ အခွန်လည်း ဆွေးနွေးပေးပါမယ်ပြောပါတယ်၊ နိုင်ငံတကာအဖွဲ့တွေလာခဲ့ရင်လည်း စီးပွားရေးလုပ်လို့ ကောင်းတဲ့ပုံစံဖြစ်အောင် ၀န်ကြီးချုပ်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိပေးပါမယ်ဆိုပြီး ပြောပါတယ်။
" အန်ကယ်တို့ကလည်း ရင်းနှီးမြှုပ်နှံသူတွေ ခေါ်လာပြီ ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေစ၀င်ကတည်းက ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရင် ခင်ဗျားတို့အတွက် ဒီလိုအဆင်ပြေအောင်လုပ်ထားပါတယ်ဆိုတဲ့ အဖြေမျိုးကို အဲဒီကွန်ဖရင့်မှာ အသိပေးချင်ပါတယ်၊ ပုဂ္ဂလိက ကဏ္ဍရယ် အစိုးရရယ် ပူးပေါင်းပြီးတော့လုပ်မယ်ဆိုတာ တောင်းဆိုချင်တာပေါ့'' ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ရွှေဈေးကွက်နှင့် ဒေါ်လာဈေးကွက်အတက်အကျ ပေါ်မူတည်ကာ ပြည်တွင်းရှိ ရွှေဈေးနှုန်း အတက်အကျကို သတ်မှတ်နေရပြီး ရွှေတကျပ်သားလျှင် ကျပ် ၉၅၀,၀၀၀ ၀န်းကျင် အရောင်း အ၀ယ်ရှိနေကြောင်း သိရသည်။
Credit: News Watch