တရုတ်ရှိ ဒုတိယတန်းစားမြို့များသည် အိမ်ဈေးမြင့်တက်မှု၌ လာမည့်ဆယ်စုနှစ်
များတွင် ဟောင်ကောင်အိမ်ဈေးကွက်ကိုပင် ကျော်တက်နိုင်ဖွယ်ရှိကြောင်း
South China Morning Post က အစီရင်ခံဖော်ပြခဲ့သည်။
ဟောင်ကောင်ရှိ အိမ်ဈေးများသည် ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် အများဆုံး
၂ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း စင်္ကာပူအခြေစိုက် DBS ကော်ပိုရေးရှင်း၏
ဟောင်ကောင်ရှိ DBS ဘဏ်မှ တရုတ်နှင့် ဟောင်ကောင်သုတေသနဆိုင်ရာ
အကြီးအကဲ ကာရိုးလ်ဝူ၏ ပြောကြားချက်အရ သိရသည်။
"ဒီနှစ်ထဲ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအကြား ဈေးနှုန်း မြင့်တက်မယ်ဆိုတဲ့
ကျွန်မတို့ရဲ့ ခန့်မှန်းချက်ဟာ အခုဆိုရင်ပဲ မှန်နေခဲ့ပါပြီ" ဟု သူမက သြဂုတ် ၁
ရက်တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။
ဟောင်ကောင်၏ ဈေးနှုန်းမြင့်တက်မှုနှုန်းနှေးကွေးကျဆင်းမှုသည်
ဈေးနှုနှုန်းမြင့်တက်မှုနှုန်းအမြင့်ဆုံးဖြစ်လာနိုင်ခြေရှိနေသည့် ချန်းရှာ၊ ဝူဟန်နှင့်
ကွမ်ကျိုး စသည့် တရုတ်ပြည်မကြီးဒုတိယတန်းစားမြို့များရှိ အိမ်ဈေးနှုန်းများအား
သုံးဆတက်လာနိုင်ခြေကို လမ်းဖွင့်ပေးမည်ဖြစ်သည်။
"ချန်းရှာ၊ ဝူဟန်နဲ့ ကွမ်ကျိုးတို့မှာ အိမ်ခြံမြေဈေးတွေ ပိုပြီးမြင့်တက်နိုင်ခြေရှိမှာကို
တွေ့ရပါတယ်။ ဟောင်ကောင်၊ စင်္ကာပူ၊ ရှန်ဟိုင်းနဲ့ ပေကျင်းရှိ
လူနေအိမ်ခြံမြေဈေးမြင့်တက်မှုနှုန်းကတော့ နှေးကွေးကျဆင်းလာနိုင်ပါတယ်" ဟု
DBS ဘဏ်က ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင်
ဖော်ပြခဲ့သည်။
DBS က ၎င်းအစီရင်ခံစာကို လူဦးရေအလိုက် ဂျီဒီပီပမာဏနှင့် အိမ်ဈေးတို့၏
အချိုးအား အဓိကညွှန်းကိန်းအဖြစ် အသုံးပြုပြီး ငွေကြေးဖောင်းပွမှုနှုန်းအား
သုညအဖြစ် ယူဆကာ တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဝူဟန်ရှိ လူဦးရေအလိုက် ဂျီဒီပီပမာဏနဲ့ အိမ်ဈေးအချိုးဟာ ၂၀၁၇ ခုနှစ်မှာ ၁၀
ရာခိုင်နှုန်းခန့်ပဲ ရှိခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ အချိုးကတော့ ပြီးခဲ့တဲ့နှစ်
ကတည်းက ၃၆ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့တာပါ" ဟု ဝူက ပြောကြားခဲ့သည်။
DBS ၏ ၎င်းအစီရင်ခံစာအရ တရုတ်မြို့ကြီးရှစ်မြို့သည် ဟောင်ကောင်နှင့်
စင်္ကာပူတို့အား ၂၀၃၀ ပြည့်နှစ်မကုန်မီ ဂျီဒီပီ (ပြည်တွင်းအသားတင်ထုတ်ကုန်)
ပမာဏ၌ ကျော်လွန်နိုင်ခြေရှိကြောင်း သိရသည်။ ရှန်းကျန်းမြို့၏
ချမ်းသာကြွယ်ဝမှုသည် စင်္ကာပူ၏ လက်ရှိကြွယ်ဝမှုပမာဏနှင့် ညီလာမည်ဖြစ်ပြီး
ဟန်ကျိုးမြို့၏ ချမ်းသာကြွယ်ဝမှုသည် ဟောင်ကောင်၏ လက်ရှိအဆင့်သို့
ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com