Cher သည် အမေရိကန် ပေါ့ပ်အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ မေလ ၂၀ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်၌ မွေးဖွားခဲ့ပြီး ငယ်မည်မှာ ရှေရီလင်း ဆာကီစီယံဖြစ်သည်။
ပေါ့ပ်နတ်ဖုရားမဟု တင်စားခေါ်ဝေါ်ခြင်းခံရပြီး အမျိုးသားများကြီးစိုးသည့် ဂီတလောကတွင် ထူးချွန်စွာ ထွက်ပေါ်လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။
သူ၏ ထူးခြားလှသော ကွန်ထရာလ်တို အသံကြောင့် နာမည်ကျော်သည်။
ကွန်ထရာလ်တိုဟူသည်မှာ အမျိုးသမီးအသံတွင် အနိမ့်ဆုံးအသံကို ရည်ညွှန်းခြင်းဖြစ်ပြီး သီဆိုနိုင်သူ အလွန်ရှားပါးသည်။
ဂီတနှင့် ရုပ်ရှင်သက်တမ်း နှစ်ပေါင်း ၆၀ ဖြတ်သန်းခဲ့ရာတွင် ဆုပေါင်း များစွာ ရရှိခဲ့ရာ ဂရမ်မီဆု ၁ ခု၊ အင်မီဆု ၁ ခု၊ အော်စကာဆု ၁ ခု၊ ရွှေကမ္ဘာလုံးဆု ၃ ခု၊ ကိန်းရုပ်ရှင်ပွဲတော်ဆု ၁ ခုတို့လည်း အပါအဝင် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီးဖြစ်ပြီး ဂီတသမိုင်းတွင် အရောင်းရဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသည်။
ပေါ့ပ်နတ်ဖုရားမ Cher သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီ ခရက်စ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်အတွင်း သစ်မာသားကြမ်းခင်းများ ခင်းကျင်းထားပြီး နံရံတွင် အိုင်ဗီနွယ်ပန်းများစွာ တွယ်တက်လျက်ရှိသည်။
အိမ်ခြံမြေမှတ်တမ်းများအရ Cher သည် အဆိုပါ စံအိမ်ကို ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။
Cher နှင့် သူ၏ သား ၂ ဦးသည် လော့စ်အိန်ဂျလိသို့ ရောက်လျှင် အပန်းဖြေအနားယူရန်အဖြစ် အဆိုပါစံအိမ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
စံအိမ်၏ သွင်ပြင်မှာလည်း အပန်းဖြေအနားယူရန် အလွန်ကောင်းမည့်ဟန်ပေါ်နေသည်။
၁၉၅၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ သစ်မာသားကြမ်းခင်းများ၊ ထုတ်တန်းမျက်နှာကျက်များ၊ ပြင်သစ်ကြမ်းခင်းများ၊ ပင်လယ်ကွေ့ဟန်ပြတင်းပေါက်များ တွေ့ရသည်။
အိပ်ခန်း ၄ ခန်းပါ အဆိုပါနေအိမ်မှာ ကျေးလက်အိမ်ဟန်ပေါ်နေပြီး မြေအကျယ်အဝန်းမှာ ဧကဝက်ခန့်ရှိပြီး နေအိမ်ဝန်းကျင်တွင် တောအုပ်များ ဝန်းပတ်နေကာ နေအိမ်နံရံတွင်လည်း အိုင်ဗီနွယ်ပန်းများ တွယ်ကပ်စိုက်ပျိုးပေးထားသည်။
ဧည့်ခန်းမှတစ်ဆင့် ကြီးမားကျယ်ဝန်းသည့် လသာဆောင်သို့ သွားရောက်နိုင်ပြီး လသာဆောင်မှ ကြည့်လျှင် အနီးရှိ တောင်ကုန်း၊ မြက်ခင်းနှင့် အလှမွေးငါးကန်တို့ကို စီးမိုးတွေ့မြင်ရသည်။
နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၃၀၀၀ ကျော်ရှိပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၄၉၉ သန်းဖြစ်သည်။
ဈေးကွက်တင်သူမှာ Hilton & Hyland ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်ကြသော ဘရန်ဒန်နှင့် ရေနီ ဝီလျံစ်တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)