ရည်ရွယ်ထားရင်း မရှိပါပဲ နှင့် အမေ နေထိုင်ခဲ့သည် အိမ်လေး ရှိရာ အရပ်ဆီ အရောက်သွား ဖြစ်ခဲ့သည်။ စိတ်လိုလက်ရဖြစ်သည့်အခါ တိုင်း၊ အမေ့ပုံရိပ်တွေကို သတိတရဖြစ် သည့်အခါတိုင်း မရောက် ရောက်အောင် ကျွန်တော် သွားသည့် အရပ်ဒေသ တစ်ခု ဖြစ်သည်။
အဲဒီ အရပ်ကို ခြေချမိသည်နှင့် အမေ့ပုံရိပ်တွေကို အနှေးပြကွက်ဖြင့် မြင်ယောင်မိသည်။ အမေ့ စကားသံတွေ ကြားယောင်မိသည်။ အမေ့ အပြုံးတွေ ကို မြင်ယောင်မိသည်။ အမေ့ ချွေးနံ့သင်း သင်းလေးကို အမှတ်တရရှိစေခဲ့သည်။
ကျွန်တော် အရောက်သွားခဲ့ သည့် လမ်းထဲတွင် အမေ နေထိုင်ခဲ့သည့် အိမ်လေးရှိသည်။ အိမ်လေးဆိုသည် ထက် ခြံဝန်းဆိုလျှင် ပို၍ သင့်တော်မည် ထင်ပါသည်။
အမေ့ ခြံဝန်းလေးရှိရာ လမ်း အမည်ကို မိဘမေတ္တာလမ်းဟု အမည်ပေး ထားကြသည်။ ထူးခြားသည့် ၊ ဆန်းသစ် သည့် လမ်းအမည်လည်း ဖြစ်သည်။ ယခင်က ပါးစပ်ဖြင့်သာ ခေါ်ဆိုခဲ့ကြပေ မယ့် ယခုတော့ လမ်းအ၀င်ဝမှာပင် ကြေးညိုရောင် ဆိုင်းဘုတ်စိုက်ထူထား သည့်အတွက် တစ်ခမ်းတစ်နား လှပလွန်း သည်။
ကျွန်တော်တို့ ကလေးဘ၀က အဲဒီလမ်းထဲမှာ ကျင်လည် ကျက်စားခဲ့ ရသည်။ အဲဒီလမ်းပေါ်မှာ ကစားခဲ့ကြ သည်။ စားခဲ့ကြသည်။ သွားခဲ့ကြသည်။အဲဒီလမ်းပေါ်မှာပင် အမေက ကျွန်တော် တို့ မောင်နှမတွေကို အော်ဟစ်ဆူပူခဲ့ သည်။ ရိုက်နှက်ဆုံးမခဲ့သည်။
လွမ်းရခြင်းများစွာ၊ အမှတ်တရ များစွာနှင့် ပြည့်နှက်နေသည့် လမ်းတစ်ခု လည်း ဖြစ်သည်။
အဲဒီလမ်းထဲမှာရှိသည့် အမေ့ ခြံဝန်းလေးကို ကျွန်တော်တို့မောင်နှမတစ် တွေ နှုတ်ဆက် ကျောခိုင်းခဲ့ကြသည်မှာ ဆယ်စုနှစ် နှစ်စုစာခန့်ပင် ရှိတော့မည်။ကြာခဲ့ပြီ။ တိတိကျကျဆိုရလျင် အပြီး အပိုင် နှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။
အမေရှိစဉ် ကာလတည်းက ကျွန်တော်တို့မောင်နှမတစ်တွေကို အမေ ကိုယ်တိုင် တစ်ဖွဖွမှာသည့် စကားရှိသည်။အမေ့အိမ်ဝန်းလေးကို တန်ဖိုးထားကြ၊ အမေ မရှိတော့လည်း အမေ ခေါင်းချခဲ့တဲ့ နေရာလေးဆိုပြီးတော့ အမေ့အိမ်ဝန်း လေးကို ဂရုစိုက်ကြဆိုသည့် စကားဖြစ် သည်။
အမေရှိစဉ်အချိန်က “ဟုတ်ကဲ့ စိတ်ချပါ အမေ” ဟူ၍သာ ကျွန်တော်တို့ မောင်နှမတစ်တွေ အားလုံးဖြေခဲ့ကြသည်။အမေ ပျော်ရွှင်စေမည့် အဖြေကိုသာ ပေးခဲ့ကြသည်။ ကြိုတင်တွက်ဆ၍ အမေ့ ကို လိမ်ညာခဲ့ကြသည်။
အမေ ကိုယ်တိုင်က သူမှာခဲ့ သည့် စကားကို အလေးအနက်တန်ဖိုး ထားကြသည့် သား၊ သမီးတွေဟုသာ တွေးဆခဲ့မည် ထင်ပါသည်။
ထို အတွေးအမြင်သည် အမေ မရှိတော့သည့်အခါ လွဲမှားသွားပါတော့ သည်။ ကျွန်တော်တို့ မောင်နှမအားလုံး ကို ထားရစ်ခဲ့ပြီး မရဏခရီးကို အမေ ထွက်ခွာသွားပြီး နောက်ပိုင်းတွင် ဖြစ်သည်။
အမေကိုယ်တိုင် ကျွန်တော်တို့ မောင်နှမအားလုံးကို ယုံကြည်စိတ်ချစွာ နှင့် ထားရစ်ခဲ့သည်။ အမေနေထိုင်ခဲ့ရာ အိမ်ခြံဝန်းနှင့် ပတ်သက်၍လည်း စိုးရိမ် စိတ် တစ်စိုး တစ်စိမျှပင် ရှိမည်မဟုတ်ခဲ့။အမေ့ စကားကို မြေ၀ယ်မကျ နားထောင် ကြမည့် သား သမီးတွေဟုသာ ထင်မှတ် ထားခဲ့သည်ကို။
အမေ မရှိတော့သည့်အခါ ကျွန်တော်မှလွဲ၍ မောင် နှမ အာလုံးက အမွေကိစ်္စကို ပြောကြဆိုကြဆွေးနွေး ကြသည်။ သူတစ်လူ ငါတစ်မင်းပြု ကြ တော့သည်။ အမေ ဆုံးပါးသွားသည်ပင် နှစ်ပတ်လည် မရှိသေး။ အဲဒီ ကာလမှာပင် ငြင်းကြ ခုန်ကြ ခွဲတမ်းချကြနှင့်။
ကျွန်တော် ကိုယ်တိုင်လည်း အမေ့ အိမ်ခြံဝန်းလေးကို မရောင်းချလို ခဲ့။ မထုခွဲလိုခဲ့။ ထို့အတွက် အမေ့အိမ်ခြံ ၀န်းလေးကို မရောင်းပါပဲနှင့် ဒီအတိုင်း ထားဖို့ ကျန်သည့် မောင်နှမတွေကို ပြော ဖြစ်သည်။ ကျွန်တော်က အငယ်ဆုံးဖြစ် နေ၍ မည်သူကမျှ ကျွန်တော့် စကားကို အလေးမထားကြ။ဂရုမပြုကြ။
သူတို့ စီမံခန့်ခွဲမှုသည်သာ အတည်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ အဲဒီ ကာလမှာ ကျွန်တော်က ကျောင်းပြီးကာစ လူပျိုပေါက်စ အရွယ်ဖြစ်သည်။ ကျန်ရှိ သည့် အကို အမတွေအားလုံးသည် သူ့ အိုး၊ သူ့အိမ်တွေနှင့် အမေ့အိမ်ကို စောစီး စွာ ကျောခိုင်းသွားခဲ့ကြသူတွေ ဖြစ်သည်။အမေ့အိမ်မှာ ကျန်နေခဲ့သည်က အမေနှင့် ကျွန်တော် နှစ်ဦးတည်းသာ။
ထို့အတွက် အမေ့ခြံဝန်းလေး ကို သူတို့တစ်တွေထက် ကျွန်တော်က ပို၍ သံယောဇဉ်ဖြစ်မိသည်။ တွယ်တာမိ သည်။ ဖြစ်နိုင်လျင် အမေ့ခြံဝန်းလေးမှာ ပဲ တစ်သက်တာလုံး ကျွန်တော်နေသွား ချင်မိသည်။
သို့သော်လည်း ကျွန်တော့် ဆန်္ဒ တွေ မပြည့်ဝခဲ့။ထို့အတူ အမေ့ဆန်္ဒတွေ လည်း မပြည့်ဝခဲ့။
အမွေ ဆိုသည့် တပ်မက်မှုတွေ ကြားမှာ အမေ့အိမ်လေးကို ထုခွဲရောင်း ချလိုက်ကြသည်။ ထိုခေတ် ထိုအခါက သိန်းဆယ်ဂဏန်းဈေးဖြင့် ဆောက်လုပ် ရေးကုမ်္မဏီတစ်ခုက ၀ယ်ယူသွားခဲ့သည်။
မောင်နှမတစ်တွေ ဝေပုံကြခွဲယူခဲ့ကြ သည်။ ကျွန်တော်လည်း တစ်ပုံရသည်။နည်းသည် များသည်ကို မတွက်ဆခဲ့။သေချာသည်က အမေ့ခြံဝန်းလေးကို ထုခွဲရောင်းချခဲ့၍ နှမြောသည့် စိတ်တစ်ခု သာ ကျွန်တော့်တွင်ရှိတော့သည်။
ကျွန်တော်ကိုယ်တိုင်လည်း ကျောခင်းစရာတစ်နေရာရဖို့ အမေ့အိမ် ခြံဝန်းရောင်းချရသည့် ခွဲတမ်းငွေကြေး လေးဖြင့် ၀ယ်ယူခဲ့ရသည်။
အမေသာ သိလျှင်တော့ နှမြော တသဖြစ်နေမှာ သေချာသည်။ အမေရှိ စဉ်က “ဟုတ်ကဲ့ပါ”ဟု နာခံစကားပြော ခဲ့ပြီး အမေ မရှိတော့မှ လုပ်ချင်ရာလုပ် ခဲ့သည့် သား၊ သမီးတွေကို အမေကိုယ်တိုင် လည်း ခွင့်လွှတ်နိုင်မည်မဟုတ်ခဲ့။ အမေ့ စကားတွေ တန်ဖိုးမဲ့သွားရခြင်းဟုသာ အမည်တပ်ရမည် ထင်ပါသည်။
အမေ့အိမ်ခြံဝန်းကို ထုခွဲရောင်း ချခြင်း မပြုလည်း နေနိုင်၊ စားနိုင်၊ သောက် နိုင်သည့် အခြေအနေမျိုးရှိသည့် မောင် နှမတစ်တွေကိုသာ အပြစ်တင်မိသည်။
တကယ်ဆိုလျှင် အမေ့အိမ်ခြံ ၀န်းလေးကို မိဘအမွေ အနှစ်တစ်ခုအဖြစ် သေတစ်ပန် သက်တစ်ဆုံး ထိမ်းသိမ်း စောင့်ရှောင်ထားစေချင်သည်။ အမေ့စကား ကို မြေ၀ယ်မကျ နားထောင်စေချင်ခဲ့ မိသည်။
သို့ပေမယ့် ဖြစ်ချင်သလို ဖြစ် ခွင့်မရခဲ့။ မဖြစ်ချင်သည့်အရာတွေ ဖြစ် တည်ခဲ့ရခြင်းကိုသာ ဘ၀ဟု အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
ထို့အတွက် အမေ့ အိမ်ခြံဝန်း လေးသည်လည်း အစိုးမရခဲ့တော့။ အမေ မဟုတ်တော့သည့် သူစိမ်းတစ်ယောက် ၏ လက်တွင်းသို့ ရောက်ရှိ ပိုင်ဆိုင်သွား ခဲ့ရတော့သည်။
နှစ်ကာလများစွာ ဖြတ်သန်းခဲ့ ကြသည့်တိုင် ကျွန်တော် မဟုတ်သည့် အမေ၏ သား၊သမီးတွေ ကိုယ်တိုင် အမေ့ အိမ်ခြံဝန်းလေး ရှိရာအရပ်ကို ခြေဦး မလှည့်ကြတော့။ လမ်းကြုံ၍ပင် ၀င်၍ မလည်ပတ်ကြတော့။ ကျွန်တော်တို့ ခပ် ငယ် ငယ် ကလေးဘ၀က ဆော့ကစား ခဲ့ကြသည့် မိဘမေတ္တာလမ်းကိုလည်း မလျှောက်ဖြစ်ကြတော့။ မရောက် ရောက် အောင်လည်း မလာကြတော့။
သူတို့တစ်တွေက အမေ့ကို မေ့ မရကြောင်းတွေသာ ပြော၍ အမေ၏ အငွေ့အသက်များရှိရာ မိဘမေတ်္တာလမ်း ထဲကို ရောက်မလာကြတော့။
ကျွန်တော် ကိုယ်တိုင်လည်း အမေ့ကို သတိတရရှိသည်။ အမေ့စကား တွေကို ကြားယောင်မိသည်။ အမေ့ ပုံရိပ်တွေကို မြင်ယောင်မိသည်။ သို့သော် လည်း ကျန်သည့် ညီအကို မောင်နှမ တစ်တွေကို အမေ့ကို သတိတရရှိကြောင်း မပြောဖြစ်ခဲ့။ ပြောလည်း မပြောခဲ့။
နှုတ်က တွင်တွင် ပြောခြင်း ထက် အသည်းနှလုံးထဲ၊ အသွေးအသား ထဲက သတိရခြင်းသည်သာ တန်ဖိုးရှိ သည်ဟု ယူဆထားသည့်အတွက် ဖြစ် သည်။
ဒီတစ်ခေါက် ကျွန်တော်ရောက် သွားသည့်အခါ အမေ့ အိမ်ခြံဝန်းလေး သည် ယခင်လို မဟုတ်တော့။ ယခင်က ရှိခဲ့သည့် အဆောက်အအုံကို ဖြိုဖျက်လိုက် ပြီဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှ အဆင့်မြင့် အိမ်ရာတစ်ခု ဆောက် လုပ်ရန်စီစဉ်နေပြီဟု သိခဲ့ရသည်။ လုပ်ငန်း တွေပင် ဆောင်ရွက်နေကြပြီ ဖြစ်သည်။
အမေနှင့် ကျွန်တော် လက်ပွန်း တတီးနေခဲ့ကြသည့် တစ်ထပ်တိုက်ပုပု လေးလည်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ် သည်။ အမေ စိုက်ပျိုးထားခဲ့သည့် အပင်လေးတွေလည်း မရှိတော့။ အရာ အားလုံး ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။
အမေ နေထိုင်ခဲ့သည့် အိမ်ခြံ ၀န်းလေးကို ပိုင်ဆိုင်ရန်အတွက် အမေ တစ်ယောက် မနေမနားကြိုးစား လုပ်ကိုင် ဆောင်ရွက်ခဲ့ရမှာ သေချာသည်။ ဖခင် မရှိတော့သည့် သား၊ သမီးတွေကို အိမ် တစ်ဆောင် မီးတစ်ပြောင်နှင့် ထားရှိခဲ့ သည့် အမေ့၏ မေတ်္တာ၊ စေတနာ၊ အကြင် နာတွေက ကြီးမားလွန်းလှသည်။
သို့ပေမယ့် အမေ့ စကားတစ် ခွန်းကို လိုက်နာရန်အတွက် ကျွန်တော် တို့ မောင်နှမတစ်တွေ ပျက်ကွက်ခဲ့ကြ သည်။အမေ့ လိုအင်ဆန္ဒကို မျက်ကွယ် ပြုခဲ့ကြသည်။
အမေ့ အိမ်ခြံဝန်းလေးတွင် ဆောက်လုပ်နေသည့် အဆင့်မြင့် အိမ်ရာ စီမံကိန်း မှ ကြေငြာထားသည့် ဈေးနှုန်း တွေကို မြင်ရသည့်အခါ ကျွန်တော်ကိုယ် တိုင် အိပ်မက်မမက်ဖူးသည့် ကိန်းဂဏန်း တွေဖြစ်သည်။ ကျွန်တော့်လို သာမန်လူ တစ်ဦးအတွက် မျှော်လင့်မထားရဲသည့် ဈေးနှုန်းတွေ ဖြစ်သည်။
အမေသာ သိခဲ့လျှင် ကျွန်တော် တို့ မောင်နှမတစ်တွေ၏ လုပ်ဆောင်မှုကို ယူကျုံးမရ ဖြစ်မှာ သေချာသည်။
အမေ့အိမ်ခြံဝန်းကို ထုခွဲရောင်း ချပြီး အဲဒီ အမေ့ခြံဝန်းက အဆင့်မြင့် အိမ်ရာစီမံကိန်းကို ကြည့်၍ သက်ပြင်း မောတွေ ခဏခဏ ချနေရသည့် ကျွန်တော့် ကို ကြည့်ပြီး အမေ ဘာတွေပြောမလဲ ဆိုသည်ကို သိချင်မိသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် အမေ့ကို ကျွန်တော် လွမ်းမိသည်။ ထို့အတူ အမေ နှင့် ကျွန်တော် နှစ်ရှည်လများနေထိုင်ခဲ့ သည့် အမေ့အိမ်ခြံဝန်းလေးကို ကျွန်တော် သတိရမိသည်။ ကျွန်တော် ရှင်သန်နေထိုင် ကြီးပြင်းခဲ့ရာ အမေ့အိမ်ရှေ့က မိဘ မေတ်္တာလမ်းကို ကျွန်တော် လွမ်းမိသည်။သတိတရဖြစ်မိသည်။
အမေ့ကို လွမ်းသည့် အခါတိုင်း၊ အမေ့ပုံရိပ်တွေကို သတိရမိသည့် အခါ တိုင်း၊ အမေ့ အော်ငေါက်သံတွေကို တမ်းတရသည့် အချိန်တိုင်း မိဘမေတ္တာ လမ်းထဲသို့ ကျွန်တော် အရောက်သွားသည်။အဲဒီလမ်းကို ဖြတ်လျှောက်သည်။အမေ့ အိမ်ခြံဝန်းနေရာလေးကို ရောက်သည့်အခါ တယုတယ ငေးမောကြည့်ဖြစ်သည်။အမေ့ကို ခွင့်လွှတ်ပါဟု တောင်းပန်စကား ဆိုခဲ့မိသည်။ အမေ့ စကားကို မလိုက်နာ ခြင်းအတွက်လည်း ကျွန်တော့်ကို ကျွန်တော် ရှက်မိသည်။
အဲဒီ လမ်းလေးထဲမှာလည်း ကျွန်တော်နှင့်အတူ ရှင်သန်ခဲ့သည့် ငယ်ပေါင်းကြီးဖော်တွေလည်း မရှိကြ တော့။ သူတို့ကိုယ်တိုင်လည်း ရေကြည် ရာ မြက်နုရာကို ခရီးဆက် ချီတက်သွား ကြပြီဖြစ်သည်။
အသိမိတ်ဆွေတွေ မရှိတော့ သည့်တိုင် အမေ့ကို လွမ်းဆွတ်မိသည့် အချိန်တိုင်း ကျွန်တော် အရောက်သွား သည်။ လမ်းထိပ်မှာရှိသည့် လက်ဖက်ရည် ဆိုင်တွင် ထိုင်ရင်း အမေ့အကြောင်းတွေ ကို စဉ်းစားမိသည်။ တွေးဆမိသည်။ လွမ်းဆွတ်မိသည်။
အကယ်၍များ ကျွန်တော်သာ ငွေကြေးကြွယ်ဝမှုတစ်စုံတစ်ရာ ရှိလာခဲ့ လျှင် ပထမဦးဆုံး ဆောင်ရွက်မည့် အရာ သည် အမေ့အိမ်ခြံဝန်းလေးမှာ ဆောက် လုပ်နေသည့် အဆင့်မြင့်အိမ်ရာစီမံ ကိန်းမှ တိုက်ခန်းတစ်ခန်းကို ၀ယ်ယူသွား မည်ဖြစ်သည်။ ကျွန်တော် ကိုယ်တိုင် မက်ခဲ့ရသည့် အိပ်မက်လည်း ဖြစ်သည်။စိတ်ကူးလည်း ဖြစ်သည်။ မျှော်လင့်ချက် လည်း ဖြစ်သည်။
အဲဒီလိုသာ ကျွန်တော်ပိုင်ဆိုင် ခဲ့ရလျှင် အမေ့ စကားအတွက် အလုံးစုံ မဟုတ်သည့်တိုင် တစ်စိတ်တစ်ပိုင်းတော့ ကျေနပ်ပျော်ရွှင်ရမည် ဖြစ်သည်။ အမေ့ ပုံရိပ် ၊ အမေ့စကား ၊ အမေ့အငွေ့အသက် တို့ ဖြစ်တည်ခဲ့သည့် နေရာတစ်ခုမှာ ကျွန်တော် ပြန်လည်နေထိုင်ခွင့်ရ၍လည်း ဖြစ်သည်။
ကျွန်တော့် စိတ်ကူး ၊ အိပ်မက်၊ မျှော်လင့်ချက်များ ပြည့်ဝပါစေဟုသာ အမေ့ကို တိုင်တည်၍ ဆုတောင်းဖြစ် သည်။
ဆုတောင်းပြည့်သည် ဖြစ်စေ၊ မပြည့်သည် ဖြစ်စေ အမေ နေထိုင်ခဲ့ရာ၊ ကျွန်တော် ရှင်သန်ကြီးပြင်းခဲ့ရာ မိဘ မေတ်္တာလမ်းသို့ ကျွန်တော် အရောက် လာနေဦးမည် ဖြစ်သည်။
ထို့အတူ အမေ့ အိမ်ခြံဝန်းလေး ကိုလည်း တယုတယ ငေးမော၍ အမေ့ ပုံရိပ်တွေကို ကျွန်တော် သတိတရရှိနေ ဦးမည် ဖြစ်သည်။ လွမ်းဆွတ်နေဦးမည် ဖြစ်သည်။
ထို့အတွက် ကျွန်တော့် ဖြစ် တည်မှုတွေ မရပ်တန့်သေးသရွေ့ အမေ့ အိမ်ရှိရာ အရပ်ကို လွမ်းဆွတ်တမ်းတ နေဦးမည်သာ ဖြစ်ပါတော့သည်။ ။
ကိုမျိုးချစ် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com