မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှဝန်ထမ်းများ ခေါက်ရိုးကျိုးနေသည့် အကျိုးဆောင်နှင့် ပွဲစားမလုပ်ရန် ယင်းကော်မတီက သတိပေးလိုက်သည်။
လက်ရှိအစိုးရသက်တမ်း ၂ နှစ် တာကာလအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရှိဌာန ၁၄ ခု အနက် ဌာနအားလုံးနီးပါး ပြုပြင်ပြောင်းလဲမှုများရှိသော်လည်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အတွက် ဇူလိုင် ၃၀ ရက်နေ့ညပိုင်းက အဆိုပါဌာနမှ ဝန်ထမ်းများကို မြို့တော်ဝန်နှင့် ကော်မတီဝင်များကတွေ့ဆုံကာ သတိပေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည် မြေငှားဂရန်ချထားပေးမှုအပါအဝင် လုပ်ငန်းကိုးခု လုပ်ဆောင်ပေးရသော ဌာနတစ်ခုဖြစ်သော်လည်း ဝန်ထမ်းများအနေနှင့် အကျိုးဆောင်နှင့်ပွဲစားအဖြစ် ပါဝင်ပတ်သက်နေခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုပညာပြခြင်း၊ လာဘ်လာဘမျှော်ကိုးကာ အချိန်ဆွဲခြင်း၊ စာရွက်စာတမ်းအတုလုပ်ခြင်းတို့မလုပ်ရန် သတိပေးထားသည်ဟု ၎င်းက ပြောဆိုသည်။
လာဘ်ပေးလာဘ်ယူသည့် ဝန်ထမ်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမည်ဖြစ်ကာ လုပ်ငန်းကြန့်ကြာအောင် ပြုလုပ်သည့်ဝန်ထမ်းကို စံပြအနေနှင့် အရေးယူမည်ဖြစ်ပြီး စာရွက်စာတမ်းအတုလုပ်ပါက ထောင်ဒဏ်ကျခံစေမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးထားသည်။
“ပြည်သူလူထု စိတ်ဆင်းရဲတာတွေ၊ ငွေကုန်ကြေးကျတာတွေ၊ မြေပုံလေးတစ်ခုထုတ်ဖို့ကို မလိုအပ်ဘဲသိန်းချီပြီး ကုန်တာတွေမဖြစ်စေချင်ဘူး။ အဲဒီလိုမဖြစ်ဖို့ ဒီဘက်ဌာနကလည်း မြန်ဆန်အောင်လုပ်ပေးမယ်။ အခက်အခဲရှိရင် ညစ်ထားတာတွေရှိရင်လည်း တိုင်ပါ။ ပြည်သူတွေ ကိုယ်တိုင်လုပ်ပါ။ အခက်အခဲရှိရင် ဒီဘက်က ကူညီပေးမယ်”ဟု ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောဆိုသည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လာရောက်သည့်ပြည်သူများအနေနှင့် အဆင်မပြေမှုများရှိပါက တိုင်ကြားနိုင်ပြီး အကြံပြုစာများလည်း ပေးပို့နိုင်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ထားသည်။
“တိုင်လိုက်ရင် ဒုက္ခရောက်မှာပဲဆိုပြီး အောင့်အည်းသည်းခံပြီး မပေးချင်ဘဲပေးနေရတာကို နားလည်တယ်။ သတင်းပေးလို့ ပြဿနာမတက်စေရဘူး။ အရေးယူပေးမယ်”ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က မှာကြားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်ကတစ်ဆင့် ပြန်လည်ပြောဆိုသည်။
Credit: The Voice