စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံ ၆ ရုံကို ပုဂ္ဂလိ
က လုပ်ငန်းရှင်များသို့ လွှဲပြောင်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဝန်ကြီး
ဌာနထံမှ သိရသည်။
အဆိုပါစက်ရုံများသည် လုပ်ငန်း အရှုံးပေါ်နေသည့်အတွက် လွှတ်တော်က ရပ်ဆိုင်းထားရန် ညွှန်ကြားထားသော စက်ရုံများဖြစ်ပြီး လက်ရှိအချိန်၌ ယင်းစက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ထံသို့ တင်ပြထားပြီးဖြစ်ကြောင်း
ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းစက်ရုံများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ရော်ဘာပစ္စည်းစက်ရုံနှင့် LED မီးသီးစက်ရုံအပါအဝင် အခြားနယ်မြို့များရှိ ပလတ်စတစ်စက်ရုံ ၁ ရုံ၊ ဝါကြိတ်ခွဲ စက်ရုံ ၂ ရုံနှင့် သစ်ဆိမ့်ဆီစက်ရုံ ၁ ရုံတို့ဖြစ်ကြောင်း၊ ယင်းစက်ရုံများကို ပုဂ္ဂလိကသို့ အပြည့်အဝလွှဲပြောင်းခြင်းနှင့် အစိုးရနှင့် အကျိုးတူးပူးပေါင်း၍ ဖက်စပ်
လုပ်ငန်းများအဖြစ် လုပ်ဆောင်မည်ကိုမူ ကော်မရှင်က မဆုံးဖြတ်ရသေးကြောင်း ၎င်းက ပြောဆိုသည်။
“စက်ရုံတွေက အရှံးပေါ်နေလို့ ရပ်ထားတဲ့ စက်ရုံတွေပါ။ ပုဂ္ဂလိကပိုင်ဘက်ကို PPP (Public-Private Partnerships) ပုံစံသွားမလား၊ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဆုံးဖြတ်မှာ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် စက်မှုဝန်ကြီး ဌာနလက်အောက်တွင် လုပ်ငန်းအရှံးပေါ်နေခြင်းကြောင့် ရပ်ဆိုင်းထားသည့် စက်ရုံပေါင်း ၂၄ ရုံအထိရှိပြီး ယင်းစက်ရုံများကို လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
စက်မှုဝန်ကြီးဌာနလက်အောက်တွင် မြန်မာ့ဆေးဝါးလုပ်ငန်းရှိ စက်ရုံများ အပါအဝင် စက်ရုံပေါင်း ၁၁၃ ရုံရှိပြီး လတ်တလောတွင် ယင်းစက်ရုံများထဲမှ စက်ရုံ ၅၇ ရုံမှာ ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
Credit: The Voice