လတ်တလော အိမ်ခြံမြေဈေးကွက်မှာ အမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ နှုန်းထားရဲ့ (၃၅)ရာခိုင်နှုန်း လျှော့ဈေးနဲ့ အိမ်ခြံမြေ အရောင်းအဝယ်တွေ ဖြစ်ပေါ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
အခုရက်ပိုင်း အိမ်ခြံမြေ ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ပြန်ကောင်းနေပါတယ်။ အိမ်ခြံမြေငှားရမ်းမှုတွေလည်း ပိုများပြားလာတယ်။ အရောင်းအဝယ်ပိုင်းမှာတော့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ပေါ်နေပြီး အစိုးရစီမံကိန်း ဆောင်ရွက်မယ့် နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။
ဈေးကွက်ကောင်းခဲ့စဉ်က ပေါက်ဈေးရဲ့ သုံးချိုးတစ်ချိုးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိမှာ နဂိုပေါက်ဈေးရဲ့ သုံးပုံတစ်ပုံလောက် ကျဆင်းနေပါတယ်။ တောင်ဒဂုံဘက်မှာဆိုရင် ဇူလိုင်လအတွင်း မြေကွက်တွေ ကျဈေးနဲ့ အရောင်းအဝယ်ပြန်ဖြစ်နေပြီး ဈေးကစားတာတွေရှိနေပါတယ်။
ယခင်က ကျပ်သိန်း (၅၀)ဈေးမှာ ကျပ်သိန်း(၃၀)၊ ကျပ်(၃၅)သိန်းလောက်ဈေးသာ ရှိနေပါတယ်။ အိမ်ခြံမြေဈေးကွက် ကျဆင်းနေရတာဟာ နိုင်ငံ့စီးပွားရေး လည်ပတ်မှုနှေးကွေးနေတဲ့အပြင် အခွန်နှုန်းတွေ မြင့်မားနေတာတွေ၊ ကျူးပြဿနာတွေ၊ မြေယာအရှုတ်အရှင်း ကိစ္စတွေပါဝင်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် အိမ်ခြံမြေဈေးကွက် ဦးမော့လာစေဖို့ဆိုရင် အခွန်နှုန်းထားတွေ ချပေးဖို့၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာဖို့နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Credit: The Kumudra