အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့လယ်မှ ၁၄ မိုင်ခန့်သာ ဝေးကွာသော အရပ်တွင် Dancers Hill House အမည်ရှိ စံအိမ်ကြီးတစ်လုံး တည်ရှိသည်။
၁၇၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့်နေအိမ်ကြီးဖြစ်ပြီး ခြံဝန်းအကျယ် ၄ ဧကတွင် တစ်ဧကခွဲကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပါဝင်ကာ ရေကန်အတွင်း ငါးအကောင်ရေ ၂၀၀၀ ကျော် မွေးမြူထားသည်ဟု ဆိုသည်။
ယခုအခါ အဆိုပါနေအိမ်ကြီးကို မေးခွန်းတစ်ခု ဖြေနိုင်ရုံဖြင့် ပေးအပ်သွားမည်ဖြစ်ပြီး မေးခွန်းဖြေဆိုရန်အတွက် win Dancers Hill House အမည်ဖြင့် ဝက်ဘ်ဆိုက်တစ်ခု စတင်လွှင့်တင်ထားသည်။
ဖြေဆိုမည့်သူသည် အဆိုပါဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ Enter Competition ဟူသည့်နေရာကို နှိပ်ကာ မေးခွန်းဖြေဆိုရမည့် နေရာသို့ သွားရမည်ဖြစ်ပါသည်။
မေးခွန်းမှာ Dancers Hill House ကို ဆောက်လုပ်ခဲ့သည့်ခုနှစ်၏ ခရစ္စမတ်ကာလတွင် အင်္ဂလန်ကို အုပ်စိုးခဲ့သည်မှာ မည်သူဖြစ်သနည်းဟူသည့် မေးခွန်းဖြစ်သည်။
မေးခွန်းဖြေရန်အတွက် choose an option ဟူ၍ ရေးသားထားသည့်နေရာကို နှိပ်ပြီး ပေးထားသည့် အဖြေ ၄ ခုထဲမှ တစ်ခုကို ရွေးချယ်ပေးရမည်ဖြစ်ပါသည်။
ရွေးချယ်ရန် ပေးထားသည်များမှာ ဂျော့ဘုရင် II၊ ဂျော့ဘုရင် III ၊ ဟင်နရီဘုရင် VIII နှင့် အန်းဘုရင်မကြီးတို့ ဖြစ်သည်။
ရွေးချယ်ပြီးလျှင် ဖြေဆိုခွင့်လက်မှတ်တစ်စောင် ဝယ်ယူရန်အတွက် Add to basket ဟူသည့်နေရာကို နှိပ်ပါ။
လက်မှတ်တစ်စောင်လျှင် ၁၂ ဒသမ ၅၀ ပေါင်နှင့် စာရင်းသွင်းကြေး ၁ ပေါင်၊ စုစုပေါင်း ၁၃ ဒသမ ၅၀ ပေါင် (မြန်မာငွေ နှစ်သောင်းခွဲဝန်းကျင်) ကျသင့်မည် ဖြစ်သည်။
ယင်းနောက် proceed to checkout ဆိုသည့်နေရာကို နှိပ်ကာ visa (သို့မဟုတ်) master ကတ်ဖြင့် လက်မှတ်ဖိုး ပေးသွင်းရမည်ဟု ဆိုသည်။
လူတစ်ဦးလျှင် လက်မှတ်အစောင်ရေ အကန့်အသတ်မရှိ ဝယ်ယူဖြေဆိုခွင့် ပေးအပ်ထားသည်။
စံအိမ်ကြီးအတွင်း အိပ်ခန်း ၆ ခန်းပါဝင်ပြီး လက်ရှိပိုင်ရှင်များမှာ မီလာနီနှင့် နီဂယ်ဝက်ရှ်တို့ ဖြစ်ကြသည်။
၎င်းတို့ ဇနီးမောင်နှံသည် လွန်ခဲ့သည့် ၂၅ နှစ်တာကာလပတ်လုံး ယင်းစံအိမ်ကြီးတွင် နေထိုင်ခဲ့ပြီး ယခုအခါ ရောင်းထုတ်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
စံအိမ်အတွင်း ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်သည်။
လက်မှတ်ပေါင်း ၆၀၀၀၀၀ ရောင်းချရချိန်မှ winner ကို ရွေးချယ်မည်ဖြစ်ပြီး သတ်မှတ်ပမာဏ မပြည့်မီပါက ငွေသားကိုသာ ဆုအဖြစ် ရွေးချယ်ပေးအပ်သွားမည်ဟု ဆိုသည်။လက်မှတ်ဝယ်ယူနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ယခုနှစ် ဒီဇင်ဘာလ ၁၆ ရက်အထိ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)