ဆောက်လုပ်ရေးကဏ္ဍ ကျဆင်းမှုများကြောင့် ရှယ်ယာတန်ဖိုးများ ထိန်းရန် တရုတ် developer တို့သည် ဟောင်ကောင် စတော့အိတ်ချိန်းတွင် ၎င်းတို့၏ရှယ်ယာများကို ပြန်လည်ဝယ်ယူလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် တရုတ် developer ကုမ္ပဏီ ၈ ခုသည် ယခုဇူလိုင်လအတွင်း ၎င်းတို့ကုမ္ပဏီပိုင် ရှယ်ယာများကို ပြန်လည်ဝယ်ယူလျက်ရှိနေသည်မှာ ကန်ဒေါ်လာ သန်း ၅၆၀ ဖိုးခန့် ရှိခဲ့ပြီဖြစ်သည်။
သို့ရာတွင် အိမ်ခြံမြေဈေးကွက်သုတေသီတို့ကမူ ယခုကဲ့သို့ ရှယ်ယာပြန်လည်ဝယ်ယူမှုများကြောင့် ဟောင်ကောင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်ဖွယ်ရှိ၊ မရှိကို သံသယရှိနေကြသည်။
ပြည်မကြီးအခြေစိုက် developer ၈ ခုတို့က ဇူလိုင်လ ၂ ရက်မှ ၂၃ ရက်အကြား ကုမ္ပဏီရှယ်ယာများကို ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၅၆၀ ဒသမ ၇ သန်း) ဖိုးခန့်အထိ ဝယ်ယူခဲ့သည်။
ယင်းပမာဏမှာ အဆိုပါကာလအတွင်း စုစုပေါင်း အရောင်းအဝယ်ဖြစ်ခဲ့သည့်ပမာဏ၏ ၄၃ ရာခိုင်နှုန်းအထိ ရှိနေသည်။
China Evergrande ကုမ္ပဏီတစ်ခုတည်းမှ ဝယ်ယူမှုသည်ပင်လျှင် ဟောင်ကောင်ဒေါ်လာ ၃ ဘီလီယံကျော်ဖိုးရှိသည်။
ကုမ္ပဏီရှယ်ယာများ ပြန်လည်ဝယ်ယူခဲ့သည့် အခြားကုမ္ပဏီများတွင် Shimao Property Holdings, Logan Property Holdings နှင့် China Jinmao Holdings တို့လည်း အပါအဝင် ဖြစ်သည်။
တရုတ် developer တို့အပေါ် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုမှာမူ နိမ့်ပါးနေဆဲဖြစ်သည်။
အထူးသဖြင့် တရုတ်ပြည်မကြီးရှိ မြို့ ကြီးပေါင်း ၃၀ ကျော်တွင် ပြီးခဲ့သောလအတွင်း အိမ်ခြံမြေကဏ္ဍ တင်းကျပ်မှုများ ပြုလုပ်လာခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)