မန္တလေးမြို့၌ လက်ရှိ အိမ်မြေပေါက်ဈေးများမှာ လွန်ခဲ့သော ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ၁ဝ မှ ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီဖြစ်ကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။
မန္တလေးတွင် အိမ်ခြံမြေဈေးနှုန်းမှာ ပြီးခဲ့သော ၂ဝ၁၃ ခုနှစ်ဝန်းကျင်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် အရောင်းအဝယ်ပါးသွားခဲ့သည်။ သို့သော် ယခုအခါ ဈေးများကျဆင်းလာပြီဖြစ်သဖြင့် လာမည့်နှစ်များတွင် အရောင်းအဝယ် ပြန်တက်လာမည်ဟု သုံးသပ်ကြောင်း မန္တလေးတိုင်း အိမ်ခြံမြေကိုယ်စားလှယ်များ
ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဦးတင်မောင်က ပြောသည်။
''တစ်နိုင်ငံလုံးအနေနဲ့ကြည့်ရင် အိမ်ခြံမြေ အရောင်းအဝယ်က လေးနှစ်မှာ
တစ်ကြိမ် ပြန်အရောင်းအဝယ်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှုအနေနဲ့မဟုတ်ဘဲ နေထိုင်ဖို့၊ လက်တွေ့အသုံးချဖို့ပဲ ဝယ်တဲ့သူ များပါသေး
တယ်''ဟု ဦးတင်မောင်က ပြောသည်။
အချို့ဧရိယာများတွင် ယခင်ထက် ၃ဝ ရာခိုင်နှုန်းထိ ဈေးကျသွားရာ ဆက်မကျနိုင်တော့ဟု ယူဆနိုင်ကြောင်း၊ လူဦးရေတိုးပွားနှုန်း၊ အိမ်ခြံမြေအကွက် အကွင်းနှင့် အခြားကုန်ဈေးနှုန်းများနှင့် ချိန်ဆကြည့်ပါက ယခုထက် ပိုမိုမကျဆင်းတော့
ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ် ကျဆင်းသော အကြောင်းရင်းများတွင် တစ်နိုင်ငံလုံး စီးပွားရေး လည်ပတ်မှု နှေးကွေးခြင်းအပြင် အိမ်ခြံမြေရောင်းဝယ်ခွန်နှုန်းထားမြင့်မားခြင်းနှင့် ကျူးပြဿနာကဲ့သို့ မြေယာအရှုပ်အရှင်းကိစ္စရပ်များ ပါဝင်ကြောင်းလည်း ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။
Credit: The Myanmar Times