မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အိမ်ခန်းလျှောက်
လွှာများကို ဇူလိုင်လ ၂၄ ရက်နေ့ကစ၍ ဝန်ထမ်းများကို စတင်ရောင်းချ
ခဲ့သည်။
မန္တလေးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊
အငြိမ်းစားဝန်ထမ်းများကို ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ခန်းလျှောက်လွှာများကို
ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ပြန်လည်လက်ခံမည်ဖြစ်ကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောကြား
သည်။
“လက်ရှိအစိုးရကနေပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ အိုးပိုင်အိမ်ပိုင်ဖြစ်သွားအောင် ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာဖြစ်ပါတယ်။ ဈေးနှုန်းဘယ်လောက်နဲ့ရောင်းမယ်၊ ဘယ်လိုပုံစံနဲ့ရောင်းမယ်ဆိုတာ အခုချိန်ထိတော့ မဆုံးဖြတ်ရသေးဘူး။ အစည်းအဝေးထိုင်ရ
ဦးမယ်” ဟု ၎င်းက ရှင်းပြသည်။
စတင်ရောင်းချသောနေ့တွင် လျှောက်လွှာစောင်ရေ တစ်ထောင်ကျော်
ရောင်းချခဲ့ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ
သိရသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာသည် RC အမျိုးအစား လေးခန်းတွဲ ခြောက်ထပ်အဆောက်အအုံ ၂၈ လုံး တည်ဆောက်ထားပြီး အိမ်ခန်းတစ်ခန်းလျှင် ၆၆၁
စတုရန်းပေရှိကာ အခန်းပေါင်း ၆၇၂ ခန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အိမ်ခန်းလျှောက်လွှာများကို ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ရောင်းချပေးမည်ဖြစ်ကာ လျှောက်လွှာတစ်စောင်လျှင် ၅၀၀ ကျပ် ဖြင့် ဝယ်ယူနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထား
သည်။
“တန်ဖိုးမျှအိမ်ရာတွေရောင်းပေးမယ်ဆိုလို့ လာလျှောက်တာ။ အရင်လျှောက်ခဲ့တုန်းကတော့ မရခဲ့ပါဘူး။ ဒီနေ့လျှောက်တာကတော့ ပေါ့ပေါ့ပါးပါးပါပဲ။
အားလုံး အဆင်ပြေပါတယ်” ဟု မီးရထားအငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ
ဦးမျိုးညွန့်က ပြောကြားသည်။
မန္တလေးတိုင်းတွင် ဝန်ထမ်းပေါင်း ၅၆,၀၀၀ ကျော်ရှိရာတွင် လူတစ်ရာလျှင်
လူလေးဦးကိုသာ နေရာစီစဉ်ပေးနိုင်သေးကြောင်း၊ မန္တလေးတိုင်း မြို့ပြနှင့်
အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
Credit: The Voice