ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး အကြွေးတင်နေသော တရုတ်ပြည်မကြီးလုပ်ငန်းစုံကုမ္ပဏီ HNA ကုမ္ပဏီသည် ရှန်ကျန်းရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံဖြင့် ၎င်း၏ ဟိုင်နန်ကုမ္ပဏီခွဲမှတဆင့် ရောင်းချလိုက်ပြန်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုနောက်ဆုံးရောင်းထုတ်လိုက်သည့် စီမံကိန်းမှာ ရှန်ကျန်းရှိ ဟိုင်ဟန်စီးတီးဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သော စီမံကိန်းတစ်ခုဖြစ်သည်။
စီမံကိန်းတည်ရှိသည့်နေရာမှာ ရှန်းဇန်မြို့၊ လောင်ဂန် ရိပ်သာလမ်းနှင့် ဘိုင်ကျင်းလမ်းဆုံတွင်ဖြစ်ပြီး စုစုပေါင်းမြေနေရာအကျယ်အဝန်း ၁၄၃၃၀၀ စတုရန်းမီတာ ရှိသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်လျာထားသည့်အကျယ်အဝန်းမှာ စတုရန်းမီတာ ၆၂၂၈၀၀ ဖြစ်သည်။
ယင်းအနက် လူနေဧရိယာအတွက် စတုရန်းမီတာ ၃၄၄၃၀၀၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများအတွက် စတုရန်းမီတာ ၁၄၈၅၀၀ နှင့် ရုံးခန်းအဆောက်အအုံများအတွက် စတုရန်းမီတာ ၈၂၀၀၀ လျာထားထားသည်။
လူနေ၊ ရုံးခန်းနှင့် လက်လီ ဘက်စုံသုံးကွန်ပလက်စ်တစ်ခုဖြစ်ပြီး လူဦးရေ ၁၂ သန်းနေထိုင်သည့် တရုတ်ပြည်တောင်ပိုင်းမြို့တော်တွင် တည်ရှိသည်။
ယခုစီမံကိန်းကို HNA ကုမ္ပဏီ၏ ဟိုင်နန်အခြေစိုက် ကုမ္ပဏီခွဲဖြစ်သော Hainan Airlines Real Estate မှ တစ်ဆင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်းမီဒီယာများတွင် နယူးယောက်၊ မင်နီယာပိုလစ်၊ စပိန်နှင့် စင်္ကာပူတို့ရှိ အိမ်ခြံမြေများကို ယခုနှစ်စပိုင်းမှ စတင်ရောင်းချနေသော HNA ၏ သတင်းများ လွှမ်းမိုးထားသည့် တချိန်တည်းမှာပင် Hainan Airlines Real Estate မှတစ်ဆင့်လည်း ပြည်မကြီးရှိ အိမ်ခြံမြေများကို ရောင်းထုတ်နေခဲ့သည်မှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးရှိခဲ့သည်။
HNA က နောက်ဆုံးရောင်းထုတ်လိုက်သော စီမံကိန်းမှာ ကွမ်တုံ၏ အရှေ့မြောက်ပိုင်း၊ လောင်ဂန်ခရိုင်ရှိ မြို့ပြဘလောက် ၂ ခုစီမံကိန်းဖြစ်သည်။
ဟိုင်ဟန်စီးတီးစီမံကိန်း၏ ပထမဆင့်မှာ စတုရန်းပေ ၃၄၄၃၀၀ အကျယ်အဝန်းရှိပြီး လူနေဧရိယာတစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့သည်။
အဆိုပါ ကွန်ပလက်စ်ရှိ လူနေပြီးနေအိမ်တန်ဖိုးမှာ လက်ရှိအားဖြင့် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၃၇၀၀၀ ခန့် ဈေးပေါက်နေသည်။
ယင်းကွန်ပလက်စ်အတွင်း Haihang City Retail ပလာဇာကို ယခုနှစ်၊ ဇန်နဝါရီလအတွင်း ဖွင့်လှစ်ခဲ့သည်။
၅ ထပ်အမြင့်ရှိ ပလာဇာတွင် ဒေသတွင်း ကုန်စည်အမှတ်တံဆိပ်များ၊ Adidas နှင့် Nike တို့ကဲ့သို့ နိုင်ငံတကာအမှတ်တံဆိပ်များ၏ ဆိုင်များ ဖွင့်လှစ်ထားကာ အစားအသောက်နှင့် အဖျော်ယမကာဆိုင်များလည်း ပါဝင်ပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၀၀၀၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)