လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းရှိ စိမ့်မြေတောတစ်ခုကို လာအို၏
စီးပွားရေးဖွံ့ဖြိုးမှုအင်ဂျင်သစ်တစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်မည့်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံတန် စီမံကိန်းတစ်ခုသည် စတင်ပုံပေါ်လာပြီဖြစ်ကြောင်း ဖနွမ်းပင်ပို့စ်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
That Luang Marsh အထူးစီးပွားရေးဇုန်သို့ ၂၀၁၂ ခုနှစ်ကတည်းက စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိလာပြီဖြစ်ကြောင်း
၎င်းအထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲရေုးဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ
ဖန်ချင်ဒါလန်ဆာဗက်က ပြောကြားခဲ့သည်။
၎င်းအထူးစီးပွားရေးဇုန်အတွင်း အထပ် ၁၇ ထပ်မြင့်သည့် ကွန်ဒိုမီနီယံစီမံကိန်း
၁၁ ခုအနက် ၄ ခုအား အရောင်းစတင်ဖွင့်လှစ်ထားခဲ့ပြီးဖြစ်သည်။
ထို့ပြင် စီမံကိန်းသည် မြေယာနစ်နာကြေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊
ရေ စသည်တို့ တပ်ဆင်ခြင်းနှင့် မိလ္လာစနစ်တို့၌လည်း ၉၁ ရာခိုင်နှုန်း
ပြီးစီးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။
ဗီယန်ကျင်းမြို့တော်ဝန် ဆင်လာဗွန်ခူဖေသောင်းက စီမံကိန်းတည်နေရာသို့
ပြီးခဲ့သည့်သီတင်းပတ်က လာရောက်ကြည့်ရှုခဲ့ရာ သူက developer
(မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ)
များအနေဖြင့် သန့်ရှင်းမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှုအပါအဝင်
ဆောင်ပုဒ်ခြောက်ခုကို အဓိကထားကြရန်နှင့် ယင်းက ၎င်းအထူးစီးပွားရေးဇုန်၏ စမတ်စီးတီးအဖြစ် ပြောင်းလဲမှုအတွက် လမ်းပွင့်စေမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ကျန်ရှိနေသေးသော မြေယာနစ်နာကြေးပြဿနာများဖြေရှင်းရာတွင် developer
များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် သဘာဝသံယဇာတနှင့်
သဘာဝပတ်ဝန်းကျင်ရေးရာကဏ္ဍများအားလည်း သူက တောင်းဆိုခဲ့သည်။
သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း မိလ္လာစနစ်အား အဆင့်မြင့်စေပြီး
ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ရာတွင် ကန်ထရိုက်တာများနှင့်
ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်လည်း မြို့တော်ဝန်က မှာကြားခဲ့သည်။
လာအိုနိုင်ငံတွင် အလားတူစီမံကိန်းများမှာ လူအန်နမ်သာပြည်နယ်ရှိ Boten
Dankham အထူးစီးပွားရေးဇုန်၊ ဘိုကီယိုပြည်နယ်ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်၊ ခမ်မူအန်ပြည်နယ်ရှိ Phoukhiew အထူးစီးပွားရေးဇုန်၊ ချမ်ပါဆက်ပြည်နယ်ရှိ Pakxe-Japan အထူးစီးပွားရေးဇုန်နှင့် ဆဗန်နာခတ်ပြည်နယ်ရှိ Savan-Seno အထူးစီးပွားရေးဇုန်တို့ ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com