သီလဝါအထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် နယ်စပ်စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်စိုးသာက ပြောကြားသည်။
MTSH ကုမ္ပဏီအနေနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားမှုပြသည့် ကုမ္ပဏီများစာရင်းတွင် ပါဝင်ထားပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုမည့် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ရန်ကုန်မှာဆိုရင်လည်း အခြားစီမံကိန်းတွေနဲ့ လုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီးပွားရေး အခွင့်အလမ်းတွေရှာနေတယ်။ အများပိုင်ကုမ္ပဏီဆိုတော့ စီမံကိန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အဆင့်ဆင့်အတည်ပြုရမှာဖြစ်တဲ့အတွက် သေချာပြီဆိုတာနဲ့ တရားဝင်ပြောသွားမှာ”ဟု ၎င်းက ပြောဆိုသည်။
လတ်တလောတွင် MTSH အများပိုင်ကုမ္ပဏီက ဂျပန်နိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အကောင်အထည်ဖော် တည်ဆောက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တည်ဆောက်လျက်ရှိပြီး အထူးစီးပွားရေးဇုန် အပိုင်း (က) ကို တည်ဆောက်မှုပြီးစီးနေပြီဖြစ်ခြင်းကြောင့် လက်ရှိအချိန်တွင် အပိုင်း (ခ) ကိုလည်း စတင်အကောင်အထည်ဖော်ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (က) ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု ထပ်မံတည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အပိုင်း (ခ) မြေကွက်များအရ သီလဝါအထူးစီးပွားရေးဇုန်ရှိ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်မည့် အကျယ်အဝန်းမှာ ၅၈၃ ဟက်တာအထိ ရှိလာမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။
လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇ ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၉၄ ခုခန့်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းအရေအတွက်ထက် ထပ်မံတိုးလာရန်ရှိသေးကြောင်း MTSH ကုမ္ပဏီ၏ ဇွန်လအတွင်းက ထုတ်ပြန်ထားသော စာရင်းများအရသိရသည်။
လတ်တလော သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ၏ ထက်ဝက်ခန့်မှာ လုပ်ငန်းလည်ပတ်နေပြီဖြစ်ပြီး ယင်းစက်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်ရုံပေါင်း ၉၀ ကျော်ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း လေးသောင်းခန့်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံနှင့် ဆောက်လုပ်ရေးနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်စက်ရုံတို့ ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်သူလူထုရှယ်ယာရှင်များ အများဆုံးပါဝင်သည့် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။
Credit: The Voice