သုံးခုတွဲအထပ်မြင့်အဆောက်အအုံတွဲတစ်ခုသည် မလေးရှားနိုင်ငံ၏
အမြင့်ဆုံးအဆောက်အအုံအဖြစ် ကာလရှည်ကြာ ရပ်တည်နေနိုင်သည့်
Petronas Twin Towers ၏ စံချိန်ကို ချိုးတော့မည်ဖြစ်ကြောင်း မလေးရှား
သတင်းဝက်ဘ်ဆိုက် Free Malaysia Today က ဖော်ပြခဲ့သည်။
Tower M ဟု ယာယီအမည်ပေးထားသည့် ၎င်းမိုးမျှော်တိုက်တွဲစီမံကိန်းသည်
အထပ်ပေါင်း ၁၄၅ ထပ်မြင့်မည်ဖြစ်သည်။ ယင်းက ဝန်ကြီးချုပ်ဟောင်း
နာဂျစ်ရာဇက်လက်ထက်တွင် စတင်ခဲ့သည့် ၁၁၈ ထပ်မြင့်မည့် PNB 118
စီမံကိန်းကို မှေးမှိန်သွားစေသည်။
နိုင်ငံပိုင်ငွေကြေးရန်ပုံငွေစီမံခန့်ခွဲရေးကုမ္ပဏီ Permodalan Nasional Berhad
(PNB) ၏ စီမံကိန်းဖြစ်သော PNB 118 အား တရားလွန်ဖြုန်းတီးမှုကြီးအဖြစ်
ဝေဖန်သူများက သရော်ထားကြသည်။
နိုင်ငံ့ဘဏ္ဍာမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ အလွဲသုံးစားလုပ်မှုဖြင့်
စွပ်စွဲခံရကာ ယခုလအစောပိုင်းတွင် နာဂျစ် ဖမ်းဆီးခံရပြီးသည့်နောက် Tower M စီမံကိန်းကြေညာချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
Tower M အား အမွှာတာဝါဖြစ်သောPetronas Twin Towers ၏ ပိုင်ရှင် KLCC (Holdings) Sdn Bhd က လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ပေါ်ပေါက်လာစေမည်ဖြစ်သည်။ PNB 118 ကမူ လာမည့် ၂၀၂၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် လျာထားခံရကြောင်း သိရသည်။
Tower M တွင် တာဝါအဆောက်အအုံ ၃ ခု ပါဝင်မည်ဖြစ်ပြီး ယင်းတာဝါတွဲကြောင့် ကွာလာလမ်ပူဈေးကွက်တွင် ရုံးခန်းနေရာ စတုရန်းပေ ၃
သန်းမှ ၄ သန်းအကြား ထပ်တိုးလာမည်ဖြစ်သည်။
Petronas Twin Towers သည် ၂၀၀၄ ခုနှစ်တွင် Taipei 101 မိုးမျှော်တိုက်
မပေါ်ပေါက်လာမီအထိ ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်
အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com