တရုတ်အခြေစိုက် developer ကုမ္ပဏီတစ်ခုသည် သြစတေးလျတွင် ဝယ်ယူထားသည့် ၃၆၄ ဟက်တာကျယ်ဝန်းသော မြေကွက်ပေါ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်းကြီး အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Dahua Group အမည်ရှိ developer က အကောင်အထည်ဖော်လျက်ရှိခြင်းဖြစ်ပြီး ဆစ်ဒနီမြို့ ၏ စီးပွားရေးအချက်အခြာကျသော အရပ်မှ ၆၅ ကီလိုမီတာ ကွာဝေးသောအရပ်တွင် တည်ရှိမည်ဖြစ်သည်။
အဆိုပါအရပ်ရှိ ၃၆၄ ဟက်တာ မြေနေရာကို ၂၀၁၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအရပ်တွင် Dahua က ဝယ်ယူထားသည့် အခြားမြေနေရာ ၂ ခုလည်း ရှိသေးသည်ဟု ဆိုသည်။
Nepean မြစ်ကမ်းတစ်လျှောက်ရှိ ယခုမြေနေရာကြီးတွင် မြေကွက်ပေါင်း ၄၀၀၀ နီးပါးရရှိလာနိုင်မည်ဟု Dahua က ခန့်မှန်းထားသည်။
“ကျွန်တော်တို့ဟာ ဒီဒေသကို ခေတ်နဲ့အညီပုံဖော်တဲ့နည်းတူ ဒေသရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု နယူးဆောက်သ်ဝေးနှင့် ကွင်းစလန်ပြည်နယ်များဆိုင်ရာ Dahua Australia ၏ အမှုဆောင်အရာရှိချုပ် အဲရစ်ခ်လီက ပြောကြားသည်။
အကောင်အထည်ဖော်မည့်စီမံကိန်းနေရာတွင် နေထိုင်မည့်သူများအတွက် ပညာရေး၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်များ၊ ဖျော်ဖြေရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အလုပ်အကိုင်နေရာချထားရေးနှင့် လူ့အသိုက်အဝန်းတစ်ခုအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်တင်းပေးနိုင်မည့်နေရာအဖြစ် အကောင်အထည်ဖော်သွားရန်လည်း စီစဉ်ထားကြောင်း အဲရစ်ခ်လီက ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းကို Menangle Park ဟု အမည်ပေးထားသည်ဟု ဆိုသည်။
Dahua Group သည် နယူးဆောက်သ်ဝေးပြည်နယ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ အခြားစီမံကိန်းတစ်ခုလည်း အကောင်အထည်ဖော်လျက်ရှိရာ ဆစ်ဒနီမြို့ ၏ စီးပွားရေးအချက်အခြာကျရာအရပ်မှ အနောက်တောင်ဘက် ၄၅ ကီလိုမီတာခန့်သာ ကွာဝေးသောအရပ်တွင် တည်ရှိပြီး New Breeze ဟု အမည်ပေးထားသည်။
Dahua Group က ယင်းမြေနေရာကြီး ၃ ခုကို ၂၀၁၅ ခုနှစ်တွင်း ကန်ဒေါ်လာ သန်း ၃၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။
Dahua Group သည် တရုတ်ပြည်၏ ထိပ်တန်း developer ၅၀ တွင် အပါအဝင်ဖြစ်ပြီး ရှန်ဟိုင်းအခြေစိုက် လုပ်ငန်းရှင် Jin Huiming မှာ ဥက္ကဌဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ Jin Huiming ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)