၂၀၁၇ ခုနှစ်တွင် ကြယ်ငါးပွင့်ဟိုတယ်အများဆုံးရှိသော ကမ္ဘာ့ထိပ်တန်း (၁၀) မြို့အနက် တစ်ခုတည်းသော အရှေ့တောင်အာရှမြို့အဖြစ် ဘန်ကောက် ပါဝင်နေကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်သည် ထိပ်တန်းကမ္ဘာ့ခရီးသွားဆွဲဆောင်ရာအချက်အချာနေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း ဘန်ကောက်တွင် မကြာသေးမီနှစ်များအတွင်း ဟိုတယ်လုပ်ငန်းသည် နှုန်းမှန်စွာဖြင့် အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ဘန်ကောက်သည် ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၃၃ လုံး ရှိခြင်းဖြင့် ထိုထိပ်တန်း (၁၀) မြို့အနက် သတ္တမနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကလည်း ၎င်းစာရင်းတွင် တစ်ခုတည်းသော အရှေ့အာရှမြို့အဖြစ် ကြယ်ငါးပွင့်အဆင့်ဟိုတယ် ၃၃ ခု ပိုင်ဆိုင်မှုဖြင့် အဋ္ဌမနေရာ ရရှိခဲ့ကြောင်း သိရသည်။
၎င်းစာရင်းတွင် ပါဝင်သည့် မြို့ ၁၀ မြို့အနက် ၄ မြို့မှာ အမေရိကန်မြို့များ ဖြစ်သည်။
ယူကေ၏မြို့တော် လန်ဒန်က ကြယ်ငါးပွင့်အဆင့်ဟိုတယ် စုစုပေါင်း ၇၅ ခု ပိုင်ဆိုင်မှုဖြင့် ကြယ်ငါးပွင့်ဟိုတယ်အများဆုံး တည်ရှိသော ကမ္ဘာ့ထိပ်တန်းမြို့နေရာကို ရရှိခဲ့သည်။
နောက်ဆုံးပေါ် အဆင့်မြင့်ဗိသုကာလက်ရာများဖြင့် ကျော်ကြားသည့် ဒူဘိုင်းက ကြယ်ငါးပွင့်ဟိုတယ် ၆၁ လုံး ရှိခြင်းဖြင့် လန်ဒန်ပြီးလျှင် ကြယ်ငါးပွင့်ဟိုတယ် အများဆုံး တည်ရှိသော ကမ္ဘာ့ထိပ်တန်းမြို့အဖြစ် စာရင်း၌ ဒုတိယနေရာကို ရရှိခဲ့သည်။ ယူအေအီးနိုင်ငံ၏အထင်ကရမြို့ ဒူဘိုင်းတွင် ကမ္ဘာ့ခရီးသည် ဖြတ်သန်းသွားလာမှုဒဿမအများဆုံး လေဆိပ်စနစ်ရှိသည့် မြို့လည်း ဖြစ်သည်။
အမေရိကန်နိုင်င၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် နယူးယောက်ခေါ် နယူးယောက်စီးတီးက ကြယ်ငါးပွင့်အဆင့်ဟိုတယ် ၅၉ ခု ပိုင်ဆိုင်မှုဖြင့် စာရင်းတွင် တတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။
အခြားအမေရိကန်မြို့များဖြစ်သည့် မီယာမီက ၄၆ ခုဖြင့် ပဉ္စမ၊ လော့စ်အိန်ဂျလိစ်က ၃၉ ခုဖြင့် ဆဋ္ဌမ၊ ဝါရှင်တန်ဒီစီက ၃၂ ခုဖြင့် နဝမနေရာ ဟူ၍ အသီးသီးရပ်တည်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံ၏မြို့တော် ပဲရစ်က ကြယ်ငါးပွင့်ဟိုတယ် ၅၆ ခုဖြင့် ထိုစာရင်းတွင် စတုတ္ထနေရာ၌လည်းကောင်း၊ အီတလီနိုင်ငံ၏မြို့တော် ရောမက ကြယ်ငါးပွင့်ဟိုတယ် ၃၂ ခုဖြင့် နဝမနေရာကိုပင် ဝါရှင်တန်ဒီစီနှင့် ပူးတွဲရရှိခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com