ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လမ်းမများကို ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ နေရာင်ခြည်စွမ်းအင်ရရှိနိုင်စေရန်အတွက် မြို့အစိုးရသည် မြို့ရှိလမ်းမများအောက်တွင် ဆိုလာပြားများ တပ်ဆင်ရန် စီစဉ်နေသည်။
ယင်းသည် တိုကျိုတွင် လက်ခံကျင်းပမည့် ၂၀၂၀ နွေရာသီအိုလံပစ်အား
ကစားပွဲတော်အမီ တိုကျိုအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမြို့ပြတစ်ခု
ဖြစ်လာစေရန် ကြိုးစားမှုတစ်ခုပင် ဖြစ်သည်။
ဆိုလာလမ်းမများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် စမ်းသပ်မည်ဖြစ်ကာ ယာဉ်ရပ်နားစခန်းကဲ့သို့သော နိုင်ငံပိုင်မြေများတွင် အဦးဆုံးစမ်းသပ်နိုင်ခြေ အများဆုံး
ရှိသည်။ ကားပါကင်နေရာများနှင့် အခြားအလားတူနေရာများ၏ ကျယ်ဝန်းသော မြေမျက်နှာပြင်ဧရိယာက လမ်းမများအား ဆိုလာစွမ်းအင်ကို ပိုမိုထုတ်လုပ်ပေးနိုင်စေမည်ဖြစ်ကာ တပ်ဆင်ခလည်း အဆင်ပြေစေမည် ဖြစ်ကြောင်း သိရသည်။
အလားတူစီမံကိန်းများ လုပ်ဆောင်နေသည့် ပြင်သစ်တွင် ဆိုလာလမ်းမ ၁ ကီလိုမီတာအတွက် ကုန်ကျငွေမှာ ယူရို ၅ သန်း (အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်း) ရှိကြောင်း The Washigton Post အမေရိကန်သတင်းစာတွင် ဖော်ပြထားသည်။
ဆိုလာပြားများ၏ မျက်နှာပြင်သည် အကြည်ဖြစ်မည်ဖြစ်ပြီး အပေါ်မှ ရွေ့လျားသွားလာမည့် မော်တော်ယာဉ်များ၏ ဒဏ်ကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။
တိုကျိုအစိုးရ၏ ၎င်းအစီအစဉ်သည် ဆာဂါမီဟာရာမြို့ရှိ ယာဉ်ရပ်နားစခန်းတစ်ခုတွင် ဆိုလာလမ်းဖွင့်ပွဲပြီးနောက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းဖွင့်လှစ်လိုက်သည့် ဆိုလာလမ်းသည် နှစ်စဉ် တစ်နာရီလျှင် ၁၆,၁၄၅ ကီလိုဝပ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ယင်းဆိုလာလမ်းပေါ်တွင် 7-Eleven ကုန်စုံဆိုင်တစ်ဆိုင် တည်ရှိသည်ဖြစ်ရာ ၎င်းဆိုင်၏ နေ့စဉ်လျှပ်စစ်သုံးစွဲမှု၏ ၉ ရာခိုင်နှုန်းခန့်ကို ယင်းဆိုလာလမ်းမှ ရရှိနေကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com