အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ ဆူရတ်မြို့သည် ယခုနှစ် မတ်လအထိ ၁၂ လကြာ တစ်နှစ်တာအတွင်း ပျမ်းမျှလူနေအိမ်ခန်းဈေးနှုန်းများတွင် ၂၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank မှ ယခုနောက်ဆုံးထုတ်ပြန်ထားသော ကမ္ဘာ့မြို့ကြီးများ၏ လူနေအိမ်ခန်းညွှန်းကိန်းစာရင်းအရ သိရသည်။
ယင်းသည် ကမ္ဘာတစ်ဝန်း လေ့လာခဲ့သော မြို့ကြီး ၁၅၀ အနက် အမြင့်ဆုံးနှုန်း ဖြစ်သည်။ ဂူဂျာရတ်ပြည်နယ်၏ ဒုတိယတန်းစားမြို့ဖြစ်ပြီး လူဦးရေ ၄ ဒသမ ၅ သန်း ရှိသော ၎င်းမြို့သည် ထိုဈေးကွက် ၁၅၀ အနက် ဈေးနှုန်းမြင့်တက်နှုန်း ရာခိုင်နှုန်း ၂၀ အထက်ရောက်ရှိသည့် တစ်ခုတည်းသော ဈေးကွက်လည်း ဖြစ်သည်။
၂၀၁၇ ခုနှစ် ပထမသုံးလပတ်တစ်ခုတည်းတွင်မူ ၎င်းစံချိန်ကို ကျော်လွန်ခဲ့သော မြို့ကြီး ၁၂ မြို့ ရှိခဲ့သည်။
"အိန္ဒိယအနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆူရတ်မြို့မှာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး မကြုံစဖူးထိန်းချုပ်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်က ဗဟိုဘဏ်အတိုးနှုန်းလွန်လွန်ကဲကဲ နိမ့်ကျမှုကြောင့် အိမ်ခန်းဈေးနှုန်းတွေ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်" ဟု Knight Frank ၏ နိုင်ငံတကာအိမ်ခြံမြေသုတေသနဌာနခွဲနှင့် လက်တွဲဆောင်ရွက်သူ ကိတ်အဲဗရတ်အယ်လန်က ပြောကြားခဲ့သည်။
ဆူရတ်နီးနီး ဈေးနှုန်းမြင့်တက်ခဲ့သည့်မြို့များမှာ မြင့်တက်နှုန်း ၁၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တူရကီနိုင်ငံမှ အဇ္ဇမီယာမြို့နှင့် ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဟောင်ကောင်တို့ ဖြစ်သည်။
စာရင်းတွင် ပါဝင်သည့် နိုင်ငံများအကြား အိန္ဒိယသည် အစွန်းနှစ်ဖက်မြို့များ ပါဝင်သော နိုင်ငံလည်း ဖြစ်သည်။ ဒေလီတွင် လူနေအိမ်ခန်းဈေး ၅ ရာခိုင်နှုန်းပင် ကျဆင်းခဲ့ပြီး စာရင်း၌ ၁၄၃ တွင် ဖော်ပြခံခဲ့ရသည်။
ယူအေအီးနိုင်ငံ အဘူဒါဘီမြို့က အိမ်ခြံမြေဈေး ၇ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စာရင်းတွင် အောက်ဆုံးနေရာ၌ ဖော်ပြခံခဲ့ရသည်။ သြစတြေးလျရှိ ဒါဝင်မြို့က ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နံပါတ် ၁၄၇ တွင် ဖော်ပြခံခဲ့ရကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com