ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးအထိ အကြွေးနွံနစ်နေသော တရုတ်ကုမ္ပဏီကြီး HNA Group ၏ ဟောင်ကောင်ကုမ္ပဏီခွဲက ရှယ်ယာရှင်များကို ဟောင်ကောင်ဒေါ်လာ ၈၀၀ ပြန်လည်ထုတ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်နှင့် ပြည်မကြီးရှိ အိမ်ခြံမြေဆောက်လုပ်ရေးစီမံကိန်းများ ရောင်းချရာမှ ရရှိငွေများဖြင့် ပြန်လည်ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
HNA Group ၏ ဟောင်ကောင်ကုမ္ပဏီခွဲဖြစ်သော Hong Kong International Construction Investment Management Group (HKICIM GROUP) က ထုတ်ပြန်ရာတွင် ဟောင်ကောင်ရှိ ဆောက်လုပ်ရေးစီမံကိန်းနေရာတစ်ခု အပါအဝင် ပိုင်ဆိုင်မှုအချို့ကို ရောင်းထုတ်ရာမှ ရရှိငွေများဖြင့် ရှယ်ယာရှင်များကို ဟောင်ကောင်ဒေါ်လာ သန်း ၈၀၀ ( ကန်ဒေါ်လာ ၁၀၂ သန်း) ပြန်လည်ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဟောင်ကောင်အိတ်ချိန်းသို့ ထုတ်ပြန်ခဲ့ရာတွင် ဟောင်ကောင်၏ ကိုင်တက်ခ် လေဆိပ်အနီး မြေကွက်ကို ရောင်းချရာမှ ရရှိငွေနှင့် ရှန်ဟိုင်း၊ ထျန်ကျင်းတို့ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ရောင်းချရာမှ ငွေအများအပြား ပြန်လည်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
HNA Group သည် ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ၂၀၁၂ ခုနှစ်ကတည်းက ရပ်တည်ခဲ့ပြီး ယခုအခါတွင်မူ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာကို ပြန်လည်ရောင်းထုတ်ရလျက် ရှိနေသည်။
HNA Group ၏ ဟောင်ကောင်ကုမ္ပဏီခွဲက ကိုင်တက်ခ်အရပ်တွင် မြေကွက် ၄ နေရာကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ မတ်လအကြားဝယ်ယူခဲ့သည်။
ယင်းတို့အနက်မှ ၃ ခုကို ဟောင်ကောင် developer များဖြစ်သော Henderson Land နှင့် Wheelock & Co တို့ထံ ယခုနှစ်အတွင်း ပြန်လည်ရောင်းချခဲ့၏။
မြေကွက် ၃ နေရာကို ရောင်းချရာတွင် စုစုပေါင်းအားဖြင့် ဟောင်ကောင်ဒေါ်လာ ၂၁ ဒသမ ၅၃ ဘီလီယံ ရရှိခဲ့ပြီး အသားတင် အမြတ်အစွန်း ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံ ရရှိခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင်မူ HNA Group သည် ဟောင်ကောင်ကုမ္ပဏီခွဲ HKICIM GROUP ၏ ရှယ်ယာ ၄၀ ဒသမ ၉၈ ရာခိုင်နှုန်းကို ဟောင်ကောင်ကုမ္ပဏီတစ်ခုဖြစ်သော PAG Holdings Ltd ထံ အပေါင်ထားကာ ငွေချေးယူခဲ့သည်။
HNA Group ၏ ဥက္ကဌ Wang Jian သည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံတွင် အလည်အပတ်ထွက်စဉ် ၁၅ မီတာအမြင့်မှ ပြုတ်ကျကာ ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။
Wang Jian သည် HNA Group ၏ အကြီးမားဆုံးရှယ်ယာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်။
ယခုအခါ သူ၏နေရာတွင် ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ Chen Feng က အရိုက်အရာ ဆက်ခံထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)