ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်၊ Thu Thiem အမည်ရှိအရပ်တွင် “ရွှေမြေ” ဟု လူသိများသည့် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်နိုင်မည့် မြေနေကြီး ၉ ခုကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်ငွေ ၂၇ ထရီလီယံအထိ ရရှိမည်ဟု ခန့်မှန်းထားသည် ။
အဆိုပါမြေနေရာ ၉ ခုကို တပြိုင်တည်း လေလံတင်ရောင်းချမည်မဟုတ်ဘဲ တစ်ခုပြီးမှ တစ်ခုရောင်းချသွားမည်ဖြစ်ကြောင်း ဟိုချီမင်းမြို့တော် ပြည်သူ့ကောင်စီ အစည်းအဝေးတွင် ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ ထရန် ဗင်း တူရန်က ပြောကြားသည်။
“ဝယ်ယူခွင့်ရမယ့် ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့ အချိန်ရအောင်၊ သုံးသပ်မှုတွေလုပ်နိုင်အောင်၊ ကုန်ကျစရိတ်တွက်ချက်နိုင်အောင် ရည်ရွယ်ပြီး တစ်ခုပြီးမှ တစ်ခုလေလံတင်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ထရန်ဗင်းတူရန်က ဆိုသည်။
“လုပ်ငန်းရှင်တစ်ဦးတည်းကို မြေကွက် ၉ ခုလုံး ရောင်းချတာမျိုး မလုပ်ပါဘူး။ ဒီလိုရောင်းချပေးခဲ့ရင် စီမံကိန်းအားလုံးကို တပြိုင်တည်း အကောင်အထည်ဖော်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
မြေကွက် ၉ ခုတည်ရှိရာနေရာများသည် ဘက်စုံသုံး ကူးသန်းရောင်းဝယ်ရေးစင်တာဖြစ်လာစေရန် ရည်ရွယ်ထားသော ဒေသတွင် တည်ရှိသည်။
ဝင်ရောက်လေလံဆွဲမည့် ရင်းနှီးမြှုပ်နှံသူများသည် ဝန်းကျင်ဒေသကို ဖွံ့ဖြိုးလာအောင် စီမံခန့်ခွဲနိုင်စွမ်းရှိကြောင်း အချက်အလက်များ ပြသရမည် ဖြစ်သည်။
မြေနေရာများကို ရောင်းချပြီးပါကလည်း သက်ဆိုင်ရာအစိုးရတာဝန်ရှိအဖွဲ့အစည်းများသည် ဝယ်ယူလိုက်သည့် ရင်းနှီးမြှုပ်နှံသူများကို ပုံမှန်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ရောင်းချလိုက်သည့် မြေပေါ်တွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်း ရှိ၊မရှိ စစ်ဆေးသွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)