ကြာမြင့်စွာရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ယခုမိုးရာသီ အကုန် ပွင့်လင်းရာသီအရောက် အောက်တိုဘာခန့်တွင် ပြန်လည်စတင်တော့မည်ဟု အထူးစီးပွားရေးဇုန်များဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ဥက္ကဌဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က ပြောသည်။
ပြန်လည်စတင်ရာတွင်လည်း စီမံကိန်းကြီး၏ အစိတ်အပိုင်းနှစ်ခုဖြစ်သည့် ကနဦးအဆင့် တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ပင်မစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်နှစ်ရပ်စလုံး တစ်ပြိုင်နက် အကောင်အထည်ဖော်သွားမည်ဟု ၄င်းက ပြောသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လစဉ်ပုံမှန်အစည်းအဝေး ယခုလ ၆ ရက်က ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့စဉ် သူက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
''ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ထိုင်းချေးငွေနဲ့က လမ်းဖောက်ရေးလုပ်ငန်းစဉ်ကို လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမိုးရာသီကုန်တာနဲ့ လုပ်ငန်းတွေကို တစ်ပြိုင်နက် ပြန်စတော့မှာပါ''ဟု ၄င်းကဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန်တွင် ကနဦးအဆင့် (Initial Phase) နှင့် ပင်မအဆင့် (Full Phase) ဟူ၍ နှစ်ပိုင်းရှိပြီး ကနဦးအဆင့် တည်ဆောက်ရေးစီမံကိန်းများကို ဘဏ္ဍာရေးအခက်အခဲကြောင့် ကာလကြာရှည် စီမံကိန်းကို ရပ်နားထားခဲ့သည့် ထိုင်းအခြေစိုက် အီတာလျံထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကသာ ဆက်လက်လုပ်ကိုင်မည်ဟု ဝန်ကြီးက ပြောသည်။
ထို့အတူ ပင်မစီမံကိန်းဖြစ်သော သင်္ဘောဆိပ်တည်ဆောက်ခြင်းများ၊ စက်မှုဇုန် တည်ဆောက်ခြင်းများကိုမူ မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းမှုဖြင့် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။
၎င်းအထူးစီးပွားရေးဇုန်၏ လုပ်ငန်းစဉ်များအနက် မြန်မာ-ထိုင်းနယ်စပ် ထီးခီးမှ ထားဝယ် အထူးစီးပွားရေးဇုန်အထိ အရှည် ၁၅၆ ကီလိုမီတာရှိ မြေသားလမ်းဖောက်ခြင်းကို ကနဦးစတင်ရန် ရှိနေသည်။ ၄င်းမြေသားလမ်းအတွက် မြန်မာအစိုးရသည် ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန်အတွက် ပြီးခဲ့သည့် မတ် ၂၆ ရက်ကပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။
စီမံကိန်းအတွင်း ကနဦးအဆင့်အကောင်အထည်ဖော်ဆောင်မည့်အပိုင်းတွင် ၂၇ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိကာ ပင်မစီမံကိန်းတွင် ၁၉၇ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသည်။ ၄င်းပင်မစီမံကိန်းသည် ထိုင်း-မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းအဖြစ်ဆောင်ရွက်ရန် ရှိနေသည်။
၂ဝဝ၈ ခုနှစ်ကတည်းက အစပျိုးခဲ့သည့် အဆိုပါစီမံကိန်းသည် ၂ဝ၁၁ ခုနှစ်တွင် ကနဦးတည်ဆောက်ရေး လုပ်ငန်းများကို စတင်ခဲ့သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာများကြောင့် ၂ဝ၁၃ ခုနှစ်တွင် လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ရပြီး ယခု ၂ဝ၁၈ ခုနှစ်မှသာ ပြန်လည် စတင်နိုင်ခြင်းဖြစ်သည်။
Credit: The Myanmar Times