ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်တွင် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီး ရှုကြည်သည် ဟောင်ကောင်ရှိ သူ၏နေအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၂ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှုကြည်၏ အမည်ရင်းမှာ လင်လိဟွေးဖြစ်သော်လည်း ရှုကြည်ဟုသာ လူသိများသည်။ ၂၀၁၄ ခုနှစ် အချက်အလက်များအရ ရှုကြည်သည် တရုတ်ပြည်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးတစ်ဦးဖြစ်သည်ဟု ဆိုသည်။ ထိုင်ဝမ်ရှိ တိုင်ပေမြို့၊ စင်းဒီယန်မြို့နယ်တွင် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် မွေးဖွားခဲ့ပြီး အသက် ၁၇ နှစ်အရွယ်တွင် ရုပ်ရှင်သရုပ်ဆောင် လုပ်လိုသောကြောင့် ဟောင်ကောင်သို့ သွားခဲ့သည်။
နောက်ဆုံးတွင် ဟောင်ကောင်ရုပ်ရှင် ထုတ်လုပ်သူ မန်းဖရက်ဒ် ဝေါင်နှင့် တွေ့ဆုံခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးရန် စာချုပ်ချုပ်ဆိုခြင်း ခံခဲ့ရကာ ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကျင်းပသော ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ၂၀၀၉ ခုနှစ်တွင် ကျင်းပသော ကိန်းရုပ်ရှင်ပွဲတော်တို့တွင် ဒိုင်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် အနောက်သို့ ခရီးသွားခြင်း/မိစ္ဆာများကို အောင်နိုင်ခြင်း (Journey to the West: Conquering the Demons) ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ အဆိုပါဇာတ်ကားမှာ Lost in Thailand ဇာတ်ကားကို ဖြတ်ကျော်ကာ ဝင်ငွေအများဆုံး တရုတ်ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့သည်။ ရှုကြည် ဝယ်ယူလိုက်သော နေအိမ်မှာ ဟောင်ကောင်၏ နာမည်ကျော် Mid-Levels အရပ်တွင် တည်ရှိပြီး ဟောင်ကောင်ဒေါ်လာ ၁၂၇ သန်း ( ကန်ဒေါ်လာ ၁၆ ဒသမ ၁၈ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ရာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၅၁၀၀၀ ခန့် ကျသင့်ခဲ့သည်။
ဟောင်ကောင် မြေယာမှတ်ပုံတင်ဌာန၏ အချက်အလက်များအရ လင်လိဟွေး ( ရှုကြည်၏ တရားဝင်အမည်) အမည်ဖြင့် စတုရန်းပေ ၂၄၉၉ ကျယ်ဝန်းသော duplex ခန်းကို ဝယ်ယူသွားခဲ့ကြောင်း ဖော်ပြသည်။ ရှုကြည်သည် မော်ဒယ်၊ သရုပ်ဆောင်လုပ်ရန်အတွက် ထိုင်ဝမ်မှ ဟောင်ကောင်သို့ ထွက်ခဲ့စဉ်က အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည်။ အနုပညာအရ ချီးမွမ်းသုံးသပ်မှု များစွာရရှိထားသော ရှုကြည့်သည် အကောင်းဆုံး သရုပ်ဆောင်ဆုလည်း ၃ ကြိမ်အထိ ရရှိထားပြီး ဖြစ်သည်။ အဆိုပါအခန်းကို ဝယ်ယူသွားသူမှာ ရှုကြည်ဖြစ်ကြောင်းလည်း Centaline Property Agency က အတည်ပြုထားသည်။
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ ကမ္ဘာ့စံချိန်တင်မြင့်တက်လျက်ရှိနေပြီး မူလက ဇိမ်ခံလူနေခန်းများ ဆောက်လုပ်ရာ နေရာမဟုတ်သည့် ဒေသများရှိ အခန်းများသည်ပင်လျှင် ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၅၀၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေသော်လည်း ထိပ်တန်းအကျော်အမော်ကြယ်ပွင့်တို့၏ အိမ်ခြံမြေဝယ်ယူမှုများမှာမူ ရပ်တန့်မသွားခဲ့ချေ။
ပြီးခဲ့သော မေလအတွင်းက ဟောင်ကောင်အဆိုတော် Joey Yung သည် စတုရန်းပေ ၃၃၄၁ ကျယ်ဝန်းသော အခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ သန်း ၂၀၀ ခန့်ဖြင့် ဝယ်ယူခဲ့သေးသည်။ ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းကလည်း အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သော သရုပ်ဆောင် Nick Cheung Ka-fai သည် စတုရန်းပေ ၃၃၆၆ ကျယ်ဝန်းသည့် အခန်းတစ်ခန်းကို ဝယ်ယူခဲ့ရာတွင် ဟောင်ကောင်ဒေါ်လာ ၁၃၁ သန်းပေးခဲ့ရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)