ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် အဆောက်အအုံနှင့် တိုက်ခန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ပြည်လည်ရောင်းချသွားမည့် အစီအစဉ်ကိုရပ်ဆိုင်းကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေတိဂုံစေတီတော်သို့ စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလှူးဒါန်းခဲ့ပြီးသော လမ်းမတော်၊ လသာ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းစသည့် မြို့နယ် ၄ မြို့နယ်ရှိ နေရာ ၇ နေရာမှ အဆောက်အဦနှင့်တိုက်ခန်းများကို ရောင်းချရန်အတွက် ဇွန် ၃၀ ရက်နေ့က တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိအခြေအနေအရ အဆိုပါ တိုက်ခန်းများတွင် လူနေထိုင်မှုများရှိနေပြီး အိုးအိမ်ဦးစီးဌာနှင့်ဆွေးနွေးညှိနှိုင်းရန်ရှိနေသည့်အတွက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ပြည်လည်ရောင်းချသွားမည့်အစီအစဉ်ကို ရပ်ဆိုင်းကြောင်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။
"လောလောဆယ် သိထားတာကတော့ လက်ရှိနေ နေတဲ့လူတွေကို အိုးအိမ်နဲ့ ရှင်းလင်းရမှာ ရှိနေသေးလို့။
ဒီမှာက လာလာမေးတယ်။ လက်ရှိနေတဲ့ လူတွေ ဘယ်လိုရှင်းမလဲဆိုတာမျိုးပေါ့။ သူတို့တတွေကို ဘယ်လိုရှင်းရမလဲပေါ့။ အဲလိုလေးတွေ ရှိတယ်။ အိမ်အရှုပ်အရှင်းလေးတွေ ရှင်းပြီးမှ ပြန်လုပ်မယ်ပေါ့"ဟု ၄င်းကပြောသည်။
ရွှေတိဂုံစေတီတော်သို့လှူဒါန်းထားတဲ့ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများမှာ လမ်းမတော်မြို့နယ်၊ ၁၁ လမ်းရှိ ၂ ထပ်တိုက် ၁ လုံး၊ ၁၂ လမ်းရှိ
၂ ထပ်တိုက် ၁လုံး၊ လှည်းတန်းလမ်းရှိ ၂ ထပ်တိုက် ၁လုံး၊ ရွှေတောင်တန်းလမ်းရှိ မြေညီထပ် ၂ ခန်း၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းရှိ ၂ ထပ်တိုက် ၁လုံး၊ ကြည့်မြင့်တိုင်မြို့နယ်၊ ထီးတန်း ၁ လမ်းရှိ ၂ ထပ်တိုက် ၁လုံး၊ စမ်းချောင်းမြို့နယ်၊ အင်္ဂပူလမ်းရှိ မြေညီထပ် (ညာ)ခန်း ၁ခန်းတို့ဖြစ်ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အလှူရှင်များက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit: News Watch