စင်္ကာပူနိုင်ငံ၊ အိန္ဒိယရပ်ကွက် ၊ ဒစ်ခ်ဆင်လမ်းမပေါ်ရှိ Wanderlust ဟိုတယ်ကို ကန်ဒေါ်လာ ၃၇ သန်းဖြင့် ပိုင်ရှင် အပြောင်းအလဲဖြစ်ခဲ့ ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝယ်ယူသွားသူမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော 8M Real Estate မှဖြစ်ပြီး မန်နေးဂျင်းဒါရိုက်တာမှာ အရှစ်ရှ် မန့်ခ်ျဟာရမ် ဖြစ်သည်။
ဘိုးဘွားပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ၄၆၃၉ စတုရန်းပေရှိကာ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၅၅၀၀ ရှိသည်။
ယခုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းအရ စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၂၃၈၇ ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ရောင်းချသူမှာ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ အဓိကလုပ်ဆောင်သည့် Unlisted Collection ကုမ္ပဏီမှ ဒါရိုက်တာ မစ္စတာ Loh Lik Peng က ရောင်းချခဲ့ခြင်းဖြစ်ပြီး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့သူမှာ Savills Singapore မှ associate director တစ်ဦးဖြစ်သူ မစ္စတာ ဆိုင်မွန် မွန်တိုင်ရို ဖြစ်သည်။
မစ္စတာ Loh Lik Peng သည် ဒစ်ခ်ဆင်လမ်း၊ အမှတ် ၂ ရှိ ယင်းအဆောက်အအုံကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခင်က စာသင်ကျောင်းတစ်ခုဖြစ်ခဲ့ကာ ဟောင်ဝမ်ကျောင်းဟု အမည်တွင်ခဲ့ပြီး စင်္ကာပူရှိ သက်တမ်းအရင့်ဆုံး တရုတ်စာသင်ကျောင်း များတွင် တစ်ခုအပါအဝင် ဖြစ်သည်။
မစ္စတာ Loh Lik Peng က တရုတ်စာသင်ကျောင်းကို အခန်း ၂၉ ခန်းပါ ဟိုတယ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီး Wanderlust ဟု အမည်ပေးခဲ့သည်။
ဟိုတယ်ခန်း ငှားရမ်းခဈေးနှုန်းမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၅၉ ဒေါ်လာ သတ်မှတ်ထားသည်ဟု ဆိုသည်။
8M Real Estate သည် မကြာသေးမီ ကာလများအတွင်း အိမ်ခြံမြေဝယ်ယူမှု များစွာပြုလုပ်ခဲ့ရာ စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုးရှိသည်။
ယခုနှစ်မတ်လအတွင်း ဝယ်ယူခဲ့သည့် အဆောက်အအုံ ၉ ခု၏ စုစုပေါင်းတန်ဖိုးသည်ပင်လျှင် ကန်ဒေါ်လာ ၈၂ ဒသမ ၅ သန်းခန့် ရှိသည်။
ယင်းသို့ ဝယ်ယူထားသည့် အဆောက်အအုံများကို ဟိုတယ်များအဖြစ် ပြောင်းလဲခဲ့ပြီးလည်း ဖြစ်သည်။
ပြီးခဲ့သော ဇွန်လအတွင်းတွင်လည်း Ann Siang လမ်း၊ အမှတ် ၂၈ ရှိ The Club ဟိုတယ်အဆောက်အအုံကို ကန်ဒေါ်လာ ၅၂ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။
The Club ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ရှိရာ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၁၆၇ နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)