အရှေ့အလယ်ပိုင်းတွင် Amiri Diwan အမည်ရှိ developer က တည်ဆောက်ပေးခဲ့သည့် အကြီးမားဆုံး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းကြီးတစ်ခုဖြစ်သော New Jahra ဆေးဝါးမြို့တော်သစ် စီမံကိန်းကြီးကို ကူဝိတ်နိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ဆေးဝါးမြို့တော်၏ ပင်မဆေးရုံ အဆောက်အအုံတွင် ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ကူဝိတ်အကြီးအကဲ ရှိတ်ခ် ဆဘား အယ်လ်-အာမက် အယ်လ်- ဂျဘား အယ်လ်-ဆဘား တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
အဆိုပါဖွင့်ပွဲသို့ ကူဝိတ်၏ မင်းသား ရှိတ်ခ် နဝပ်ဖ် အယ်လ်-အာမက်၊ ဝန်ကြီးချုပ် ရှိတ်ခ် ဂျဘား အယ်လ်-မူဘာရက်ခ်၊ ကူဝိတ်အမျိုးသားညီလာခံ ဥက္ကဌ မားကွတ် အယ်လ်- ဂါနင်တို့ အပါအဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
Amiri Diwan ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာနအကြီးအကဲ အဗ္ဗဒူ အဇစ် ဆာအစ် အီရှတ်က ပြောကြားရာတွင် ယခုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်အခြေတည်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း လူနာဦးရေ မြင့်တက်လာမှုများကြောင့် ကူဝိတ်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
၂၀၁၅ ခုနှစ်၊ မတ်လတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၃ နှစ်အတွင်း ပြီးစီးနိုင်ရန် အရှိန်ဟုန်မြှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရောဂါရှာဖွေရေးနှင့် ကုသရေးအဆောင် အမိုးပေါ်တွင် ရဟတ်ယာဉ်ကွင်း ထည့်သွင်းဆောက်လုပ်ထားသည့်အပြင် ပြင်ပလူနာဌာန လည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။
ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံတန်ကြေးရှိ ဆေးဝါးမြို့တော်သစ်ကြီးတွင် ကုတင် ၁၂၃၄ ဆန့် ဆေးရုံကြီး၊ ပစ္စည်းကိရိယာအစုံအလင် ထည့်သွင်းထားကာ ကုသဆောင်ပေါင်း ၁၁၅ ခန်း ပါဝင်သည့် သွားဆေးရုံ၊ ဒေသတွင်း ကျန်းမာရေးကွပ်ကဲမှုဌာန အဆောက်အအုံတို့ ပါဝင်သည်။
ပြင်ပလူနာဌာနတွင် ဌာနခွဲပေါင်း ၂၂ ခု၊ ဆေးကုသဆောင်ပေါင်း ၁၃၅ ခု ပါဝင်ပြီး နောက်ဆုံးပေါ် နည်းပညာမြင့် ကုသရေးစက်ပစ္စည်းများ တပ်ဆင်ပေးထားသည်။
ပြင်ပလူနာဌာနတွင် Hyperbaric Oxygen Therapy ဟု ခေါ်သည့် အောက်ဆီဂျင်ဖြင့် ကုသပေးသည့် ကုတင် ၈ လုံးပါ အထူးဆေးကုသ ချိန်ဘာခန်းတစ်ခု ပါဝင်ပြီး ကူဝိတ်နိုင်ငံတွင် တစ်ခုတည်းသာရှိသော ကုသခန်းလည်း ဖြစ်သည်။
ယင်းကုထုံးသည် ဓာတ်ရောင်ခြည်ထိတွေ့မှု (သို့မဟုတ်) ဆီးချိုရောဂါကြောင့် မပျောက်ကင်းနိုင်သည့် အနာရှိသူများ၊ သွေးအတွင်း လေခိုခြင်း၊ ပြင်းထန်သည့် ကူးစက်ရောဂါ၊ ရေငုပ်သမားများ ဖြစ်ပွားလေ့ရှိသည့် ရောဂါတို့ကို ကုသခြင်းဖြစ်ပြီး ပြင်ပလေထုထက် အောက်ဆီဂျင်ဖိအားပိုပေးကာ ကုသပေးခြင်း ဖြစ်လေသည်။
ဆေးဝါးမြို့တော်ဝန်းအတွင်း ကားအစင်းရေ ၅၀၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်နေရာလည်း ပါဝင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)