အကြွေးနွံနစ်နေသောကြောင့် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာကို ရောင်းထုတ်လျက်ရှိသည့် တရုတ်အခြေစိုက် HNA ကုမ္ပဏီ တည်ထောင်သူ Wang Jian သည် ပြင်သစ်နိုင်ငံတောင်ပိုင်း ကမ္ဘာလှည့်ခရီးသည်တို့ လည်ပတ်ရာ ဒေသရှိ ကျောက်နံရံတစ်ခုပေါ်သို့တက်ကာ ဓာတ်ပုံရိုက်ရန်ကြိုးပမ်းစဉ် ပြုတ်ကျကာ ရုတ်တရက် ကွယ်လွန်သွားကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်သာ ရှိသေးကြောင်း HNA ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သူက ကျောက်နံရံ အစွန်းတစ်နေရာမှာ မတ်တပ်ရပ်နေပြီး ဓာတ်ပုံအရိုက်ခံဖို့ လုပ်တာမှာ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗိုးကလုစ်ဒေသရဲတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဟူးဘတ် Hubert Meriaux က ပြောကြားသည်။
မစ္စတာ ဝမ်သည် နံရံတစ်ခုပေါ်သို့ ဦးစွာပြုတ်ကျခဲ့ပြီးနောက် ၁၅ မီတာ ( ပေ ၅၀ ခန့်) ခန့် ဆက်လက် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
မစ္စတာဝမ်သည် ပြင်သစ်တောင်ပိုင်းရှိ ဘွန်ညုအမည်ရှိ သာယာလှပသော ကျေးရွာတစ်ရွာသို့ သွားရောက်လည်ပတ်စဉ် ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ရခြင်းလည်း ဖြစ်သည်။
အဆိုပါကျေးရွာသည် ကမ္ဘာလှည့်ခရီးသည်တို့အကြား နာမည်ကျော်ကြားသည့် နေရာဖြစ်သည်။
မစ္စတာဝမ်က ကျောက်တုံးတံတိုင်းပေါ်သို့ တက်၍ မတ်တပ်ရပ်ကာ အခြားတစ်ဦးအား အမှတ်တရ ဓာတ်ပုံရိုက်ခိုင်းရာမှ ဟန်ချက်မထိန်းနိုင်ဖြစ်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဟူးဘတ်က ဆိုသည်။
ရင်ခွဲစစ်ဆေးချက်များအရမူ မစ္စတာဝမ်သေဆုံးမှုတွင် သင်္ကာမကင်းဖြစ်ဖွယ် အချက်အလက်များ မတွေ့ရကြောင်းလည်း ဗိုလ်မှူးကြီး ဟူးဘတ်က ဆက်လက်ပြောကြားသည်။
HNA ကုမ္ပဏီသည် ဘဏ္ဍာရေးအခြေအနေ အဆိုးရွားဆုံးရင်ဆိုင်နေရချိန်တွင် မစ္စတာဝမ် ရုတ်တရက်ဆုံးပါးသွားမှုမှာ ကုမ္ပဏီအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။
HNA သည် လွန်ခဲ့သော နှစ်များအတွင်း ကမ္ဘာတစ်ဝန်းတွင် ဘဏ္ဍာရေးကုမ္ပဏီများ တည်ထောင်ခြင်း၊ ဟိုတယ်နှင့် အိမ်ခြံမြေများစွာ ဝယ်ယူခြင်းတို့အတွက် ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုခဲ့သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်မူ ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးခန့် အကြွေးတင်နေပြီဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာကို ပြန်လည်ရောင်းထုတ်ကာ အကြွေးဆပ်ခြင်းများ ပြုလုပ်လာရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)