ကမ္ဘာပေါ်တွင် မိသားစုတစ်စု ပိုင်ဆိုင်သည့် အရက်ကုမ္ပဏီများအနက် အကြီးမားဆုံးဖြစ်သည့် ကမ္ဘာကျော် ဘာကာဒီ ရမ်အရက် ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမွေဆက်ဆံသူက Coral Gables စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ရောင်းချသည့် စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပထမဆုံး ဈေးကွက်တင်ခဲ့သည့် ခေါ်ဈေးအောက် ကန်ဒေါ်လာ ၈ သန်းဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။
ဘာကာဒီရမ် ထုတ်လုပ်သည့် ဘာကာဒီ လိမိတက်သည် မိသားစုတစ်ခုပိုင်ဆိုင်သည့် အရက်ကုမ္ပဏီများအနက် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည်။
မူလ လက်ဟောင်းစတင်ထုတ်လုပ်ခဲ့သည့် ဘာကာဒီ ရမ်အရက်ဖြူဖြင့် နာမည်ကျော်သည်။
ယခုအခါတွင်မူ အမှတ်တံဆိပ်ပေါင်း ၂၀၀ ကျော်ဖြင့် ထုတ်လုပ်လျက်ရှိနေသည်။
၁၈၆၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် ဘာကာဒီရမ်အရက် ကုမ္ပဏီကို မျိုးဆက် ၇ ခုခန့် အစဉ်အဆက် ပိုင်ဆိုင်ခဲ့ကြသည်။
ယနေ့ကာလတွင် စက်ရုံပေါင်း ၂၉ ခု လည်ပတ်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၆၀၀၀ ကျော်ရှိကာ ကမ္ဘာ့တိုက်ကြီး ၄ ခု၏ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ရောင်းချလျက်ရှိသည်။
တစ်နှစ်လျှင် ရမ်ပုလင်းပေါင်း သန်း ၂၀၀ ကျော် ရောင်းချရပြီး ၂၀၀၇ ခုနှစ်အတွင်းက စုစုပေါင်း ရောင်းချခဲ့ရသည့် ငွေပမာဏမှာ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြစ်သည်။
ရောင်းချသူ ဟီလ်ဒါ မာရီယာ ဘာကာဒီသည် ဘာကာဒီရမ်အရက်ထုတ်လုပ်သည့် မိသားစု၏ မျိုးဆက်ဖြစ်သည်။
ဘာကာဒီရမ်အရက် စတင်ထုတ်လုပ်ခဲ့သူ ဖာကန်ဒို ဘာကာဒီ မာဆိုမှ ဆင်းသက်လာသူ ဟီလ်ဒါ မာရီယာသည် ယခုစံအိမ်ကြီးကို ၂၀၁၆ ခုနစ်အတွင်း အရောင်းဈေးကွက်သို့ ပထမဆုံးစတင် တင်ပို့ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၇ သန်းဖြစ်သည်။
ယင်းနောက် ရောင်းမထွက်သောကြောင့် ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြန်သည်။
မစ္စက် ဘာကာဒီသည် ယခုအခါ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး ယခုစံအိမ်ကြီးကို ၁၉၉၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။
မူလနေအိမ်မှာ ယခုလောက်ကျယ်ဝန်းခြင်းမရှိဘဲ မစ္စက်ဘာကာဒီက ၈ နှစ်ခန့် အချိန်ယူ မွမ်းမံခဲ့ရာ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်းပါ နေအိမ်ဖြစ်လာခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)