ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ထုတ်ဝေပြီး ရှယ်ယာပမာဏ၏ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူ
ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
လာမည့်ဩဂုတ်လတွင် စတင်အသက် ဝင်လာတော့မည့် မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းပါဝင်သည့်တိုင် ပြည်တွင်းကုမ္ပဏီအဖြစ် သတ်မှတ်မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ ထုတ်ဝေပြီးရှယ်ယာပမာဏ၏ ၃၅ ရာခိုင်နှုန်းအထိကို ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“အခုက ဘယ်လိုနိုင်ငံခြားသားကို ဝယ်ယူခွင့်ပြုမလဲဆိုတာကို ဆွေးနွေးနေဆဲပဲ။ ပထမအဆင့်က ပြည်တွင်းမှာ အခြေကျနေထိုင်တဲ့ နိုင်ငံခြားသားကိုပဲ ဝယ်ယူခွင့်ပြုဖို့ ဆွေးနွေးနေတယ်။ နောက်ပိုင်းကျရင်တော့ တခြားနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ခွင့်ပြုသွားဖို့ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ နိုင်ငံခြားသားများကို ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးနိုင်ရန် လိုအပ်သော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရန်အတွက် ရန်ကုန်စတော့အိတ်ချိန်း (YSX)၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)၊ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများ (Securities ကုမ္ပဏီများ) တို့အကြား ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
“ကုမ္ပဏီဥပဒေအသစ်အရ ကုမ္ပဏီတွေ အကုန်လုံး အွန်လိုင်းစနစ်နဲ့ပြန်ပြီး မှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် စာရင်းဝင် ကုမ္ပဏီတွေလည်း ပြင်ဆင်နေသလို Securities ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြင်ဆင်နေရတယ်”ဟု SECM မှ တာဝန်ရှိသူ ဦးဌေးချွန်က ပြောဆိုသည်။
စတော့အိတ်ချိန်းဈေးကွက်အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပါက ဈေးကွက်အတွင်းရှိ ကုမ္ပဏီများအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရရှိနိုင်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ FMI ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောကြားသည်။
“အားလုံးကတော့ ကုမ္ပဏီအက်ဥပဒေသစ်ကို မျှော်နေတယ်။ ဈေးကွက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေကို တခြားဈေးကွက် နိုင်ငံခြားဈေးကွက်ကနေ ငွေတွေဝင်လာနိုင်ဖို့ မှန်းကြတာပေါ့။ FMI အနေနဲ့လည်း တစ်ချိန်ကျရင် နိုင်ငံခြားကလာတဲ့ Capital ကိုရဖို့ မျှော်လင့်ထားတယ်။ အဲဒါက ကုမ္ပဏီက ထပ်လုပ်မယ့် လုပ်ငန်းတွေအတွက် အရင်းအနှီးရလာသလို၊ စတော့အိတ်ချိန်းမှာလည်း ရှယ်ယာအရောင်းအဝယ် အရေအတွက်တွေလည်း တိုးတက်လာမယ်လို့ထင်တယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်အတွင်းရှိ ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ အကျဈေးများဖြင့် ဈေးငြိမ်လျက်ရှိပြီး ရှယ်ယာအရောင်းအဝယ်များသည်လည်း ကျဆင်းလျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရသိရသည်။
လတ်တလောတွင် ရန်ကုန်စတော့အိတ်ချိန်း၌ (FMI)၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီ စသည့်ကုမ္ပဏီငါးခုက ရှယ်ယာအရောင်းအဝယ်များ လုပ်ဆောင်လျက်ရှိသည်။
Myanmar Agro Exchange အများပိုင်ကုမ္ပဏီ (MAEX)၊ E.F.R သင်္ဘောလိုင်းနှင့် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၊ ရေအားလျှပ်စစ်လုပ်ငန်း လုပ်ဆောင်နေသည့် Great Horkham အများပိုင်ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းလီမိတက် (MAPCO) တို့ကလည်း ရန်ကုန်စတော့အိတ်ချိန်းသို့ဝင်ရန် ပြင်ဆင်လျက်ရှိသည်။
Credit: The Voice