ဟောင်ကောင် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဖရန့်စစ်လောသည် ဟောင်ကောင်၏ ရှောင်ဝမ်အရပ်ရှိ စတုရန်းပေ တစ်သိန်းနီးပါးရှိသည့် အဆောက်အအုံကြီးကို ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော်ဖြင့် ရောင်းချလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုရောင်းချလိုက်သော ဈေးနှုန်း ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ( ကန်ဒေါ်လာ ၂၆၇ သန်း) သည် လွန်ခဲ့သော ၈ နှစ်က ဝယ်ယူခဲ့စဉ် ဈေးနှုန်းထက် ၃ ဆခန့် ပိုမိုများပြားလျက်ရှိရာ ဖရန့်စစ်လောအတွက် များစွာမြတ်စွန်းခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
မစ္စတာလောသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Toyo Mall Limited ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။
အိမ်ခြံမြေ developer ကုမ္ပဏီ Yu Tai Hing Co. ကို တည်ထောင်သူ လိုရှီးထောင်၏ ဒုတိယမြောက် သားတစ်ဦးလည်း ဖြစ်သည်။
ရောင်းချလိုက်သည့် အဆောက်အအုံမှာ ၂၅ ထပ် အဆောက်အအုံဖြစ်ပြီး 299 QRC ဟု အမည်ရသည်။
Queen’s Road Central (QRC) အမှတ် ၂၈၇-၂၉၉ တွင် တည်ရှိပြီး ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Tenacity Group က ဝယ်ယူသွားခြင်း ဖြစ်သည်။
အဆောက်အအုံမှာ ကြမ်းခင်းဧရိယာ ၉၄၅၀၀ စတုရန်းပေ (၈၇၇၉ စတုရန်းမီတာ) ရှိရာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
၁၉၈၂-လက်ရာ တာဝါကြီးသည် ရှောင်ဝမ် မြေအောက်ဘူတာရုံသို့ လမ်းလျှောက်သွားလျှင် ၁၀ မိနစ်မျှသာ ဝေးကွာသည့်နေရာတွင် တည်ရှိသည်။
လက်ရှိအားဖြင့် အဆောက်အအုံ၏ အခန်းများကို အငှားချထားရာမှ နှစ်စဉ်ဝင်ငွေ ဟောင်ကောင်ဒေါ်လာ သန်း ၄၀ ခန့် ရရှိလျှက်ရှိရာ ဝယ်ယူလိုက်သူအနေဖြင့် တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို နှစ်စဉ်ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
အဆိုပါ အဆောက်အအုံကြီးကို ၂၀၀၉ ခုနှစ်အတွင်း မစ္စတာလော ဝယ်ယူခဲ့စဉ်က ဟောင်ကောင်ဒေါ်လာ သန်း ၅၂၀ သာပေးခဲ့ရရာ ဝယ်ဈေးထက် ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ ပိုမိုများပြားနေခြင်းလည်း ဖြစ်သည်။
မြေအောက်ထပ်၊ မြေညီထပ်နှင့် ပထမထပ်တို့ကို လက်လီအရောင်းဆိုင်ခန်းနေရာများအဖြစ် အသုံးပြုထားပြီး ဒုတိယထပ်မှ ၂၃ ထပ်အထိ အခန်းများကို ရုံးခန်းများအဖြစ် ဖွဲ့စည်းထားသည်။
ဝယ်ယူလိုက်သည့် ကုမ္ပဏီ Tenacity က ရေရှည်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး 299QRC ၏ ၁၄ ထပ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)