တွစ်တာ လူမှုကွန်ရက်တွင် ဘောလုံးပွဲကြည့်ရှုနေသည့်ဓာတ်ပုံ၊ ဘောလုံးကစားနေသည့်ဓာတ်ပုံတင်ရုံဖြင့် ဒူဘိုင်းရှိ တန်ဖိုးကြီး ဇိမ်ခံလူနေခန်း ပေးအပ်သွားမည့် အစီအစဉ်ကို ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Emaar Dubai က စတင်လိုက်ကြောင်း အဆိုပါကုမ္ပဏီ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြသည်။
Winner အဖြစ် ဆုချီးမြှင့်ခြင်းခံရသူသည် ဒူဘိုင်းမြို့လယ်ရှိ Dubai Creek Harbour (သို့မဟုတ်) Dubai Hills Estate (သို့မဟုတ်) Emaar South အစရှိသော Emaar က အကောင်အထည်ဖော်ထားသည့် စီမံကိန်းများတွင် နေအိမ်ရရှိမည် ဖြစ်သည်။
ပြိုင်ပွဲဝင်မည့်သူသည် မိမိ၏ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များ ဘောလုံးကစားနေသည့် ဓာတ်ပုံ (သို့မဟုတ်) ဘောလုံးပွဲကြည့်နေသည့် ဓာတ်ပုံကို တွစ်တာလူမှုကွန်ယက်တွင် တင်ရမည် ဖြစ်သည်။
အီတလီ၏ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နှင့် အီတလီလက်ရွေးစင် ကစားသမားဟောင်း အလက်ဇန်ဒရို ဒယ်လ် ပီယာရိုက ယခုပြိုင်ပွဲသို့ ဝင်ရောက်လိုလျှင် မည်သို့လုပ်ဆောင်ရမည့်အကြောင်းကိုလည်း ဗွီဒီယိုဖိုင်ဖြင့် ရှင်းပြထားရာ https://bit.ly/2tPOEo6 လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိတ်ဆွေ/မိသားစုဝင်များ ဘောလုံးကစား/ဘောလုံးပွဲကြည့်နေသည့်ပုံကို တွစ်တာတွင် တင်ရာ၌ @emaardubai ဟု tag တွဲရေးသားရမည့်အပြင် hashtag ဖြင့်လည်း #EmaarGoldenHome ဟု ရေးသားဖော်ပြရမည် ဖြစ်သည်။
ဘောလုံးအားကစားဖြင့် ပျော်ရွှင်သည့်အချိန်ကာလများကို ဖြတ်သန်းရင်း ဒူဘိုင်းတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရမည့်အခွင့်အလမ်းမှာ ယခင်က မရှိခဲ့ဖူးသည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း Emaar Properties ၏ မန်နေးဂျင်းဒါရိုက်တာ အာမက် အယ်လ် မာထရိုရှီက ပြောကြားသည်။
“ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမဆို ဒီအစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ အစီအစဉ်အတွက် နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် နေ့ရက်မှာ ဇူလိုင်လ ၁၁ ရက်ဖြစ်ပြီး Winner အဖြစ် ရွေးချယ်ခံရသူကို ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်သွားမည်ဟု Emaar က ကြေညာထားသည်။
အဆိုပါ ကြေညာချက်အစီအစဉ်ကို Emaar က ပြီးခဲ့သော ဇွန်လ ၂၆ ရက်ကတည်းက ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေညာထားခြင်းဖြစ်သော်လည်း ဇူလိုင်လ ၄ ရက်အထိ အဆိုပါပို့စ်ကို ဝေမျှသူ ၁၂ ဦးသာရှိသေးပြီး ကွန်မန့်ဝင်ရောက်ရေးသားသူ ၆ ဦးသာရှိသေးသည်ကို တွေ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)