ဂျပန်နိုင်ငံ၏ မြို့တော်ကြီးသည် အိုလံပစ်အားကစားပွဲတော် လက်ခံကျင်းပခဲ့ဖူးသည့် အခြားမြို့တစ်မြို့ထံ ထိပ်တန်းနေရာတစ်ခုကို လက်လွှတ်လိုက်ရပြီဖြစ်သည်။
တိုကျိုသည် မြို့ပြဘဝနေထိုင်မှုဟန်ပန်မဂ္ဂဇင်း Monocle ၏ ကမ္ဘာတစ်ဝန်း ဘဝအရည်အသွေးအတွက် အကောင်းဆုံးမြို့များ ၂၀၁၈ ခုနှစ်စာရင်းတွင် နံပါတ် ၂ သို့ လျှောကျခဲ့သည်။
တိုကျိုကို ကျော်တက်သွားခဲ့သည့်မြို့မှာ မြူးနစ်ခ်ျမြို့ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ မြူးနစ်ခ်ျမြို့သည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနှင့် အလွန်ကောင်းမွန်သော အခြေခံအဆောက်အအုံတို့ကြောင့် ကမ္ဘာ့အသိအမှတ်ပြုခံထားရသည့်မြို့ဖြစ်သည်။
နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့် အဆိုပါ Monocle စာရင်းတွင် သုံးနှစ်ဆက်တိုက် ပထမနေရာကို ရရှိခဲ့သည့် တိုကျိုတွင် လာမည့် နွေရာသီအိုလံပစ်အားကစား ပွဲတော်ကို လက်ခံကျင်းပရန် အသင့်ပြင်ဆင်နေသည်ဖြစ်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တော့မည်ဖြစ်သည်။
"၂၀၂၀ အိုလံပစ်အားကစားပွဲတော်အတွက် ခရီးသွားအမြောက်အမြား လာရောက်ကြတော့မှာမို့ တိုကျိုဟာ အထူးဘေးကင်းလုံခြုံနေသင့်ပါတယ်" ဟု Monocle က ၎င်း၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။
အိုလံပစ်အားကစားပွဲတော် အိမ်ရှင်ဟောင်း မြူးနစ်ခ်ျတွင် ၄ ရာခိုင်နှုန်းသာ ရှိသည့် အလုပ်လက်မဲ့နှုန်းနှင့် ယာဉ်ယန္တရား၊ ဇီဝနည်းပညာနှင့် စက်မှုလုပ်ငန်းတို့တွင် ဂုဏ်သတင်းကောင်းမွန်စွာမွှေးပျံ့မှုတို့ဖြင့် စီးပွားရေး ကောင်းမွန်စွာ လည်ပတ်နေသည်။
မြူးနစ်ခ်ျက ယဉ်ကျေးမှုအတွက် သဘာဝနှင့်အနီးစပ်ဆုံးဖြစ်အောင် မြှင့်တင်နေစဉ် တိုကျိုက အစားအစာ၊ လက်လီအရောင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားကဏ္ဍစုံအတွက် ထူးခြားသော မြို့အဆင့်သာ ကျန်ရှိနေသးသည်။ လူဦးရေ ၉ ဒသမ ၅ သန်း နေထိုင်သည့် တိုကျိုက မြို့ကြီးများသည် ဖော်ရွေမှုမရှိ၊ အေးတိအေးစက်မနိုင်သင့်ကြောင်း ပြသလိုက်သည့် သိသိထင်ရှားသော ဥပမာတစ်ခုပင် ဖြစ်သည်။
မြူးနစ်ခ်ျရှိ အိမ်ခြံမြေဈေးများသည် ဥရောပတွင် အမြင့်ဆုံးနှုန်းများအနက် ပါဝင်သည်။ မြူးနစ်ချသည် မကြာသေးခင်က ထွက်ရှိလာခဲ့သော ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ကမ္ဘာ့မြို့ပေါင်း ၁၅၀ မှ လူနေအိမ်ခြံမြေညွှန်းကိန်းစာရင်းတွင် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှအိမ်ဈေးမြင့်တက်နှုန်း ၁၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အဆင့် ၈ ၌ ဖော်ပြခံခဲ့ရသည်။ တိုကျိုက ၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အဆင့် ၇၁ တွင် ဖော်ပြခံခဲ့ရကြောင်း သိရသည်။
Monocle ၏ ကမ္ဘာတစ်ဝန်း ဘဝအရည်အသွေးအတွက် အကောင်းဆုံးမြို့ ၂၅ မြို့ ၂၀၁၈ ခုနှစ်စာရင်းအား အောက်ပါအတိုင်း စာရင်းရုပ်ပုံများနှင့်တကွ ဖော်ပြအပ်ပါသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com