အင်္ဂလန်တွင် အိမ်ငှားများကို အနည်းဆုံး ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းပေးရမည့် ဥပဒေချမှတ်ရန် စီစဉ်လျက်ရှိရာ အိမ်ခြံမြေပိုင်ရှင်များ အမျက်ထွက်လျက်ရှိကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုကဲ့သို့ ၃ နှစ်အနည်းဆုံးသက်တမ်းသတ်မှတ်ချက်သည် အိမ်ငှားများအတွက် လုံခြုံမှုပိုမိုရရှိမည်ဟု အစိုးရဘက်က ထုတ်ပြန်ထားခဲ့ပြီး အိမ်ရှင်အများစုကမူ အဆိုပါသတ်မှတ်ချက်ကို မလိုလားကြချေ။
ယခုချမှတ်ရန် စီစဉ်နေသည့်ဥပဒေအရ အိမ်ငှားများကို အနည်းဆုံး ၃ နှစ်ငှားရမ်းရမည်ဖြစ်ပြီး အကယ်၍ အိမ်ငှားများက မနေလိုတော့လျှင်လည်း ပြောင်းရွှေ့ခွင့်ပြုရမည်ဟု ဆိုသည်။
အဆိုပါဥပဒေကို တင်သွင်းရန် စီစဉ်ခဲ့သူမှာ ဒေသတွင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဂျိမ်းစ် ဘရုတ်ကင်ရှိုင်းယားဖြစ်ပြီး အိမ်ရှင်များက အိမ်ငှားများကို အချိန်အနည်းငယ်သာ ကြိုတင်အသိပေးကာ မောင်းထုတ်နေခြင်းများ လျော့ပါးစေမည်ဖြစ်ကြောင်း မစ္စတာ ဂျိမ်းစ်က ပြောကြားသည်။
အင်္ဂလန်နှင့် ဝေလပြည်တို့တွင် အိမ်ငှားရမ်းမှု အများစုမှာ ၆ လ (သို့မဟုတ်) ၁၂ လ ငှားရမ်းသည့် စနစ်ဖြစ်သည်။
လက်ရှိငှားရမ်းမှုများတွင် အိမ်ရှင်များအနေဖြင့် ကျိုးကြောင်းတစုံတရာရှင်းပြခြင်းများ မပြုဘဲ အိမ်ငှားများကို မောင်းထုတ်ခြင်းများ ရှိနေသည်။
ကျောင်းသားများနှင့် ပတ်သက်သည့် ငှားရမ်းနေထိုင်မှုမျိုးတွင် ယခုစည်းမျဉ်းအား ကင်းလွတ်ခွင့် ပြု၊မပြုကိုမူ ဆက်လက်ဆွေးနွေးကြဦးမည် ဖြစ်သည်။
“အိမ်ငှားတွေ မောင်းထုတ်ခံရမယ်ဆိုရင် ကလေးတွေအတွက် ကျောင်းသစ်တွေ လိုက်လံရှာဖွေရတာကြောင့် ဒါက တရားမျှတမှု မရှိပါဘူး” ဟုလည်း မစ္စတာ ဂျိမ်းစ်က ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)