တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် China State Construction Engineering Corporation (CSCEC) က ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီတွင် Pinnacle Towers ကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
CSCEC က ၎င်းတာဝါများကို ၂၀၂၁ ခုနှစ်မကုန်မီ ပြီးစီးရန် လျာထားကြောင်းနှင့် တာဝါနှစ်ခုအနက် တစ်ခုက လက်ရှိတွင် အာဖရိက၏ အမြင့်ဆုံးအဆောက်
အအုံဖြစ်သော ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ အမြင့်မီတာ ၂၂၃ မီတာရှိ Carlton Centre၊ နိုင်ရိုဘီရှိ အမြင့်မီတာ ၂၀၀ ရှိသော Britam Tower တို့ကို သာလွန်ကာ အမြင့်မီတာ ၃၂၀ မြင့်မားပြီး အာဖရိကတွင် အမြင့်ဆုံးအဆောက်အအုံ ဖြစ်လာမည်ဖြစ်ကြောင်း Global Construction Review ၌ ဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီးနောက် ၎င်းမိုးမျှော်တိုက်များအား အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် ကန်ထရိုက်စာချုပ်ဖြင့် တည်ဆောက်ခွင့်ကို CSCEC က အနိုင်ရရှိခဲ့သည်။
CSCEC သည် တရုတ်၏ ကမ္ဘာ့စီးပွားရေးစင်္ကြံအစီအစဉ်ဖြစ်သော Belt and Road Initiative နှင့် ဆက်စပ်သော ဆောက်လုပ်မှုတိုင်းနီးပါးတွင် တွေ့ရသော အဖွဲ့အစည်းဖြစ်သည်။
ကင်ညာသမ္မတ အူဟူရူကင်ညက်တာက တာဝါအတွက် ပြီးခဲ့သည့်လက အုတ်မြစ်ချမှုတွင် ပါဝင်ကူညီခဲ့သည်။ ဤစီမံကိန်းသည် CSCEC အား အာဖရိကသို့ မဟာဗျူဟာမြောက်အဝင်လမ်းကို ပွင့်စေမည်ဖြစ်သည်။
၂၂၃ မီတာ မြင့်သော တာဝါတွင် ရုံးခန်းများ ပါဝင်မည်ဖြစ်ပြီး ၂၀၁ မီတာ မြင့်မည့် တာဝါတွင် ၄၅ ထပ်မြင့်သော Hilton Hotel နှင့် ဇိမ်ခံအိမ်ခန်း ၂၀၀ ပါဝင်မည် ဖြစ်သည်။
ပေ ၉၀၀ မြင့်သော ရှုခင်းကြည့်စင်က နိုင်ရိုဘီ၏ ရှုခင်းအလှအပများကို မြင်ကွင်းကျယ်ပေးစွမ်းမည်ဖြစ်သည်။ နေထိုင်သူများနှင့် ဧည့်သည်များသည် ရဟတ်ယာဉ်များကို မြေပြင်အထက် ပေ ၈၀၀ မြင့်သော ရဟတ်ယာဉ်ကွင်းတွင် ရပ်နားနိုင်မည်ဖြစ်သည်။ ဂိမ်းဇုန်တစ်ခုနှင့် ဇိမ်ခံရှော့ပင်းမောလ်တစ်ခုတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com