ဂျပန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Sumitomo Corporation Asia နှင့် ဗီယက်နမ်ဂေါက်ကစားနည်းဝန်ဆောင်မှုလုပ်ငန်းစု Oceania and BRG Group တို့က ၎င်းတို့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် စမတ်စီတီစီမံကိန်းကြီးတစ်ခု၏ ပထမအဆင့်တွင် ပူးတွဲရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ကြေညာခဲ့သည်။
အရှေ့တောင်အာရှ၏ အဆင့်အမြင့်ဆုံးစမတ်စီးတီးတစ်ခု ဖြစ်လာရန် မျှော်မှန်းထားကြသည့် ၎င်းစီမံကိန်းပထမအဆင့်တွင် အခြေခံအဆောက်အအုံ ဆောက်လုပ်မှုအတွက် ယင်းလုပ်ငန်းနှစ်ခုက အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလျံ အသုံးပြုမည့် ၎င်းစမတ်စီးတီး
စီမံကိန်းဖော်ဆောင်မှုကို ယခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ်အစောပိုင်း စတင်မည်ဖြစ်ကြောင်း Sumitomo Corp ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မာဆာယူကီ ဟျောဒိုက ပြောကြားခဲ့သည်။ စုစုပေါင်း အဆင့်ငါးဆင့် ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်တွင် မြေဟက်တာ ၇၃ ဒသမ ၁၁ ဧရိယာ အကျုံးဝင်မည်ဖြစ်သည်။
စုစုပေါင်း မြေဟက်တာ ၂၇၂ ဟက်တာ ကျယ်ဝန်းမည့် ထိုစီမံကိန်းသည် ပြီးစီးသည်နှင့်တစ်ပြိုင်နက် ခေတ်သစ်သယ်ယူပို့ဆောင်ရေးအခြေခံ အဆောက်အအုံကို မြှင့်တင်ပေးမည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် အဆင့်အမြင့်ဆုံးစမတ်စီးတီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
၎င်းစမတ်စီးတီးရည်မှန်းချက်များကို ၂၀၃၀ ပြည့်နှစ်မကုန်မီ ပြည့်မီစေရန်အလို့ငှာ ဟနွိုင်းအတွက် အိုင်စီတီအခြေခံအဆောက်အအုံတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် ကျွမ်းကျင်သူများက မျှော်လင့်နေကြသည်။
ထိုစမတ်စီးတီးစီမံကိန်းအတွက် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်ဖက်က ပြီးခဲ့သည့်နှစ်က ဂျပန်သို့ ချစ်ကြည်ရေးခရီးစဉ်တစ်ခုအတွင်း သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းအတွက် ဂျပန်အပြင် စင်္ကာပူကလည်း ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ စင်္ကာပူကုမ္ပဏီများက ဟနွိုင်းရှိ နည်းပညာမြင့်ဥယျာဉ်များနှင့် ဆော့ဖ်ဝဲစက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံခွင့်ရရန် မျှော်လင့်နေကြသည်ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဗီယက်နမ်အစိုးရတာဝန်ရှိသူများနှင့် မကြာသေးမီက အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com