အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက မော်တော်ကားသစ်ကြီး ဝယ်လိုက်ပြီးနောက် မိတ်ဆွေများကို ကြွားရန်အတွက် ရုံးရှေ့တွင် ရပ်လိုက်၏။
ကားအတွင်းမှ ထွက်လိုက်ချိန်တွင် ထရပ်ကားတစ်စီးက အရှိန်ပြင်းစွာ မောင်းလာကာ အကျိုးဆောင်၏ ကားတံခါးအား ဖြတ်တိုက်မိသဖြင့် တံခါးမှာ လွင့်ထွက်သွားလေသည်။
အိမ်ခြံမြေအကျိုးဆောင်ကြီးသည် သူ၏အကျိုးဆောင်ခလေးများစုဆောင်းကာ ဝယ်ယူထားသည့် ကားအသစ်စက်စက် ရက်ပိုင်းအတွင်း ပျက်စီးသွားရသဖြင့် အလွန်ဒေါသထွက်သွားသည့်အပြင် ရင်ထဲတွင်လည်း လှိုက်ကာလှိုက်ကာ ဝမ်းနည်းနေရင်းမှ ယာဉ်ထိန်းရဲကို ဖုန်းဆက်ခေါ်လေသည်။
၅ မိနစ်ခန့် ကြာသောအခါ ရဲအရာရှိ ရောက်လာ၏။
ထို့နောက် ရဲအရာရှိက မေးခွန်းတစ်ခွန်းမှ မမေးရသေးမီ အိမ်ခြံမြေအကျိုးဆောင်ကြီးက စတင်ပြောကြားတော့သည်။
“ကျွန်တော့်ရဲ့ Porsche ကားလေး၊ အရမ်းကိုလှတဲ့ ကျွန်တော့်ရဲ့ ငွေရောင် Porsche လေး ပျက်စီးပါပြီဗျာ။ အရင်အတိုင်း ဘယ်တော့မှ ပြန်ဖြစ်တော့မှာ မဟုတ်တော့ပါဘူး” ဟု ဝမ်းနည်းပက်လက်ဆိုလေသည်။
အိမ်ခြံမြေအကျိုးဆောင်ကြီးက သူ၏သောကများကို ဖွင့်ထုတ်ပြီးချိန်တွင် ရဲအရာရှိက ခေါင်းကို ညင်သာစွာယမ်းခါနေရင်း
“ခင်ဗျားတို့ အိမ်ခြံမြေအကျိုးဆောင်တွေဟာ ဘယ်လောက်များ ပစ္စည်းဥစ္စာမက်မောသလဲဆိုတာ ကျုပ်ဖြင့် မယုံနိုင်အောင်ပါပဲ..” ဟု ဆို၏။
“ခင်ဗျားတို့ဟာ ပိုင်ဆိုင်မှုတွေကိုပဲ သိပ်အာရုံစိုက်လွန်းတော့ ဘဝမှာ တခြားဘယ်အရာကိုမှ သတိမထားနိုင်တော့ဘူး”
“ဒီလိုအချိန်မှာ ဘာလို့များ ဒီလိုစကားမျိုး ပြောထွက်သလဲ ဆရာ” အိမ်ခြံမြေအကျိုးဆောင်က ပြောရာတွင် ရဲအရာရှိက
“ကားဖြတ်တိုက်သွားတုန်းက ခင်ဗျားရဲ့ ညာဘက်လက်မောင်းပါ ပြတ်ထွက်သွားတာ ခင်ဗျားမသိသေးဘူးမဟုတ်လား” ဟု ဒေါသတကြီးဆိုလေသည်။
အိမ်ခြံမြေအကျိုးဆောင်ကြီးလည်း သူ၏လက်ဆီသို့ကြည့်ရင်း တုန်လှုပ်စွာ ပြောလိုက်သည်ကား
“မြတ်စွာဘုရား..ငါ့ရဲ့ ရိုးလက်စ်နာရီ ဘယ်ရောက်သွားပြီလဲ” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)