အကြွေးနွံနစ်နေသော တရုတ်ကုမ္ပဏီကြီး HNA Group သည် နယူးယောက်ရှိ ကမ္ဘာကျော် Park Avenue ၄၅ ထပ် တာဝါ အဆောက်အအုံကြီးကို နယူးယောက်အခြေစိုက်ကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချလိုက်ပြန်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
245 Park Avenue သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် တည်ရှိပြီး ၆၄၈ ပေမြင့်မားသည်။
၄၈ ထပ်မြင့်မားသည့် အဆောက်အအုံကြီးဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ စတုရန်းပေ ၁ ဒသမ ၇ သန်း အကျယ်အဝန်းသည်။
HNA Group က အဆိုပါအဆောက်အအုံကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး နယူးယောက်တွင် မိုးမျှော်တိုက်တစ်လုံးအတွက် အမြင့်မားဆုံးပေးခဲ့သည့် ဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့သည်။
ဝယ်ယူလိုက်သူမှာ နယူးယောက်မြို့တွင် ရုံးခန်းဆိုင်ရာ အဆောက်အအုံများ အများပြားဆုံး ပိုင်ဆိုင်ထားသည့် SL Green Realty ကုမ္ပဏီ ဖြစ်သည်။
HNA Group သည် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ပိုင်ဆိုင်မှုအရပ်ရပ်ကို တုန်လှုပ်ဖွယ်ကောင်းအောင် ရောင်းထုတ်လျက်ရှိရာ ကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံဖိုးကျော် ရှိခဲ့ပြီ ဖြစ်သည်။
245 Park Avenue သည် နှစ်ပေါင်း ၅၁ နှစ် သက်တမ်းရှိပြီဖြစ်ပြီး မူလပိုင်ရှင်များမှာ Brookfield Property Partners LP နှင့် နယူးယောက်ပြည်နယ်၊ ကျောင်းဆရာများ အငြိမ်းစားစနစ် အဖွဲ့အစည်းများမှ ပူးတွဲပိုင်ဆိုင်ခဲ့ကာ HNA Group ကို ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယင်းအဆောက်အအုံကြီးတွင် ကုမ္ပဏီပေါင်းများစွာ ငှားရမ်းကာ ရုံးခန်းစိုက်လျက်ရှိရာ Angelo ၊ Gordon & Co and Ares Management၊ ဒတ်ခ်ျ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Rabobank ၊ JP Morgan Chase နှင့် Major League Baseball တို့ အပါအဝင် ဖြစ်သည်။
Grand Central Terminal မှ လမ်းလျှောက်လျှင် ၃ မိနစ်ခရီးသာရှိပြီး ဘဏ်ရုံးချုပ်များ၊ နာမည်ကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယား၊ အင်တာ ကွန်တီနန်တယ်နှင့် မားရီယော့ထ်တို့ အပါအဝင် ထိပ်တန်းဟိုတယ်ကြီးများစွာ ဝန်းပတ်လျက်ရှိသည့်နေရာလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)