သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)က ရှယ်ယာရှင်များကို ၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် ၂၃၀ ကျပ်ဖြင့် ၈ဒသမ၉ ဘီလီယံဖိုး ရှယ်ယာအမြတ်ဝေစုခွဲဝေ ပေးမည်ဟု အဆိုပါကုမ္ပဏီက ဇွန်လ ၂၇ ရက်တွင် ကြေညာသည်။
ထိုပမာဏသည် MTSH ရှယ်ယာအမြတ်ဝေစု ခွဲဝေပေးသည့် သုံးနှစ်အတွင်း အနည်းဆုံးရှယ် ယာအမြတ်ခွဲဝေမှုဖြစ်ကြောင်း ရှယ်ယာရှင်များက ပြောသည်။
‘‘မြေယာအသစ် ထပ်ဖော် ထုတ်တဲ့ နှစ်ဖြစ်တော့ ရောင်းရ တယ်၊ နည်းတယ်။ အရင်နှစ်တွေ က မြေရောင်းတဲ့ နှစ်ဆိုတော့ အ မြတ်ပိုရတယ်’’ဟု စတော့အိတ် ချိန်းတွင် ရှယ်ယာဝယ်ထားသူ ဦးအာကာက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမြတ်ဝေစုခွဲဝေမှု ကျပ် ၁၀ ဘီလီယံကျော်ရှိပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၂၆၀ ရရှိသည်။ ထို့ကြောင့် ယခုအမြတ်ဝေစုခွဲဝေမှုသည် ရှယ်ယာတစ်စုလျှင် ကျပ် ၃၀ လျှော့ နည်းသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ရှယ်ယာတစ်စုလျှင် ကျပ် ၂၅၀ ရရှိခဲ့သည်။
ရှယ်ယာအမြတ်ဝေစုကို ၂၀၁၈ သြဂုတ် ၁၇ ရက်အထိ နာမည်ပေါက်ရှယ်ယာပိုင်ဆိုင် ထားသူများကိုသာ ရှယ်ယာထုတ် ပေးမည်ဟု MTSH ကုမ္ပဏီက ကြေညာသည်။
ဇွန်လ ၂၇ ရက်တွင် MTSH ကုမ္ပဏီရှယ်ယာတစ်စုလျှင် ကျပ် ၂,၉၅၀ ပေါက်ဈေးရှိပြီး ၂၀၁၇ ဇွန်လ ၂၇ ရက်က ရှယ်ယာတစ်စု ကျပ် ၃,၉၀၀ ပေါက်ဈေးရှိသည်။
သီလ၀ါအများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့်ရှိ ပြီး ကုမ္ပဏီစတင်တည်ထောင်ရန် ရှယ်ယာများရောင်းချစဉ်က ရှယ် ယာတစ်ခုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။ ၂၀၁၆ စက်တင် ဘာလတွင် ကျပ် ၁၀,၀၀၀ တန် ရှယ်ယာတစ်စုကို ဆယ်စုစီခွဲခြမ်း ခဲ့သည်။
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြေဟက်တာ ၂,၄၀၀ ကျော် (ဧက ၆,၀၀၀ ကျော်)တွင် ကန်ဒေါ်လာ ၁ဒသမ၅ ဘီလီယံရင်းနှီးပြီး ဂျပန်-မြန်မာနှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်သည်။
စီမံကိန်း၏ အပိုင်း (က)ကို ၂၀၁၅ တွင် စတင်ပြီး ၂၀၁၇ ဖေဖော်ဝါရီတွင် အပိုင်း (ခ) ကို စတင်ခဲ့သည်။
Credit: 7Daydaily