လာမည့်သုံးလအတွင်း ထိုင်ဝမ်ရှိ တိုက်ခန်းဈေးများ ကျဆင်းမှုရှိမည်ဟု ဒေသခံ ၄၁ ရာခိုင်နှုန်းခန့်က ခန့်မှန်းကြောင်း ထိုင်ဝမ်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Evertrust Rehouse Co ၏ ပြီးခဲ့သည့်သီတင်းပတ်က ထွက်ရှိလာခဲ့သည့် လူထုသဘောထားစစ်တမ်းတစ်ရပ်အရ သိရသည်။
စစ်တမ်းအား ဖြေကြားခဲ့သူ ထက်ဝက်က မြင့်တက်လာသော ဈေးနှုန်းများအား စိတ်ဝင်စားမှု မပြခဲ့ကြပေ။ ရောင်းချသူများက ဈေးနှုန်းအမြင့်တက်ဆုံးဖြစ်ခဲ့သည့် ၂၀၁၄ ခုနှစ်ကဈေးနှုန်းအောက် ၁၅ ရာခိုင်နှုန်း ဈေးလျှော့မရောင်းချသရွေ့ သူတို့ဘက်မှ ဝယ်ယူမှုများ ရပ်တန့်ထားရန် ပိုမိုဆန္ဒရှိကြမည်ဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။
မကြာသေးမီနှစ်များအတွင်း တိုက်ခန်းဈေးများသည် တိုင်ပေတွင် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နယူးတိုင်ပေစီးတီးတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Evertrust ၏ အချက်အလက်များအရ သိရသည်။
"ဒီသုံးလပတ်မှာတော့ စီးပွားရေးတည်ငြိမ်နေသလို နေရာအများစုမှာ ဈေးနှုန်း တည်ငြိမ်ခဲ့ပြီး တချို့နေရာတွေမှာ အနည်းငယ်တက်ခဲ့ပါတယ်။ အရောင်းအဝယ်လည်း မြင့်တက်ခဲ့ပါတယ်" ဟု Evertrust ၏ အထွေထွေမန်နေဂျာ ယဲ့လင်ချီက ပြောကြားခဲ့သည်။
တိုင်ပေ၊ နယူးတိုင်ပေ၊ ထောင့်ယွမ်၊ တိုင်ချွန်း၊ တိုင်နန်နှင့် ကောင်းရွှန်းတို့တွင် မေလအတွင်း တိုက်ခန်းအရောင်းအဝယ် ၂၀,၄၀၉ ခုရှိခဲ့ပြီး ၎င်းထိုင်ဝမ်အဓိက မြို့ကြီးခြောက်မြို့အတွက် ၂၉ လတာအတွင်း မကြံစဖူးအမြင့်မားဆုံးနှုန်း ဖြစ်သည်။ ယင်းသည် ဧပြီထက် ၃၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုဇွန်လကုန်အထိ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်း တိုက်ခန်း အရောင်းအဝယ် ၁၄၀,၀၀၀ ခန်းခန့် ရှိမည်ဟု Evertrust က ခန့်မှန်းထားသည်။ ၂၀၁၈ ခုနှစ်ကုန်အထိမူ ၂၉၀,၀၀၀ ခန်းအထိ ရှိကာ ပြီးခဲ့သည့်နှစ်ထက် ၉ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com