ကလေး ၇ ဦးရှိသည့် ဇနီးမောင်နှံ ၂ ဦးသည် မြို့ပေါ်သို့ ကလေးများနှင့်အတူ ရောက်ရှိလာကြပြီး တိုက်ခန်းလိုက်လံငှားရမ်းလေသည်။
သို့ရာတွင် မိသားစုဦးရေ များပြားခြင်းကြောင့် မည်သည့်အိမ်ရှင်ကမျှ ငှားရမ်းကြခြင်း မရှိချေ။
ရက်ပေါင်းများစွာ ကြာအောင်ရှာဖွေခဲ့သည့်တိုင် တိုက်ခန်း ငှားမရသောကြောင့် ဖခင်ဖြစ်သူက အကြံထုတ်ရတော့သည်။
ကလေးများအနက် အငယ် ၄ ဦးကို ခေါ်ဆောင်ကာ သင်္ချိုင်းကုန်းသို့ ခေတ္တသွားရောက်ကြရန် ဇနီးဖြစ်သူကို ပြောလေသည်။
ယင်းနောက် သူက အကြီးကလေး ၃ ဦးကိုခေါ်ဆောင်ကာ အိမ်ငှားရန် လိုက်လံရှာဖွေ၏။
တစ်မနက်ခင်းလုံး ရှာဖွေပြီးနောက် ၎င်းတို့မိသားစုအတွက် သင့်လျော်သည့် တိုက်ခန်းတစ်ခန်း ရှာတွေ့လေသည်။
အိမ်ရှင်က ထုံးစံအတိုင်း မေးမြန်း၏။
“ကလေး ဘယ်နှစ်ယောက်ရှိလဲ”
ဖခင်ဖြစ်သူက သက်ပြင်းတစ်ချက် လေးလေးပင်ပင်ချရင်း ဆိုသည်မှာ -
“၇ ယောက်ပါ..၄ ယောက်ကတော့ သူတို့အမေနဲ့အတူ သင်္ချိုင်းမှာ ရောက်နေရှာပါတယ်”
အိမ်ရှင်လည်း စိတ်မကောင်းဖြစ်သွားပြီး သူ၏နေအိမ်ခန်းကို ငှားရမ်းလိုက်တော့သတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)